Skip to main content
x

လပွတ္တာမြို့နယ်အတွင်း အယ်လ်နီညိုရာသီဥတုကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်နိုင်မှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

လပွတ္တာ နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်ချက်နှင့်အညီ ဒုတိယတိုင်းဦးစီးမှူး ဦးမြသိန်း၊ လပွတ္တာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်းနှင့်  မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းအောင် တို့သည် လပွတ္တာမြို့နယ် Texchem Marine Labutta Limited ကုမ္ပဏီရှိ ကဏန်းပျော့မွေး ကန်များတွင် အယ်လ်နီညိုရာသီဥတု၏ အပူဒဏ်ကြိုတင်ကွယ်ရေးအတွက် ဖျင်စအမိုးများ ပြုလုပ်၍ စမ်းသပ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား နိုဝင်ဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်း၌  ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အယ်လ်နီညိုရာသီဥတု ဖြစ်ပွားခြင်းကြောင့် မွေးမြုရေးကဏ္ဍအပေါ် သက်ရောက်နိုင် မည့်အခြေအနေများဖြစ်သော အပူချိန်ပြင်းထန်လွန်ကဲခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းတို့ အား ကြိုတင်ကာကွယ်ရန်အတွက် ကဏန်းပျော့မွေးကန်တွင် ဖျင်စအမိုးများပြုလုပ်ပေးခြင်းဖြင့် အပူချိန် 35 မှ 28 ထိ လျော့ကျနိုင်ပြီး အပူရှိန်မြင့်တက်မှု ထိရောက်စွာ ကာကွယ်နိုင်သည့်အပြင် မိုးရွာသွန်းပါက မိုးရေတိုက်ရိုက်ကျရောက်မှုကိုပါ ကာကွယ်နိုင်ကြောင်း သိရသည်။