Skip to main content
x

နေပြည်တော်ကောင်စီနယ်မြေအတွင်း ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်

    ဘေးကင်းလုံခြုံသော အစားအစာများကို ဒေသအလိုက် ဖူလုံစွာ ထုတ်လုပ်နိုင်ရေးနှင့် အာဟာရပြည့်ဝသည့် အသားငါးများကို ပြည်သူများ ပေါပေါများများစားသုံးနိုင်ကြစေရန် နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေး ကဏ္ဍ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ကနဦး ရင်းနှီးမတည်ငွေအဖြစ် ထောက်ပံ့ ပေးလျက် ရှိသကဲ့သို့ နည်းပညာအပါအဝင် လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ဆောင်ရွက်ပေးလျက်ရှိရာ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တက်ညီလက်ညီကြိုးပမ်းအားထုတ်ကြရန်တိုက်တွန်းပါကြောင်း  ဖေဖော်ဝါရီလ(၅)ရက်က နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် နှင့် ပျဉ်းမနားမြို့နယ်များရှိ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

     ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာရှိ စည်းစိမ်သျှင် အသားတိုးဝက် မွေးမြူရေးခြံ သို့ရောက်ရှိရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ အတွင်း မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

   တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ကုန်ထုတ်လုပ်ငန်းများ အားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက်နေခြင်းဖြစ်၍ နိုင်ငံတော်၏ အသားတင် ထုတ်လုပ်မှုတန်ဖိုး တိုးတက်ရေး သည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ် တည်မှီနေသဖြင့် ဌာနနှင့်ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေးမှာကြားပြီး CP အသားတိုးဝက်များ မွေးမြူထားရှိမှုကို ကြည့်ရှု အားပေးသည်။

    ထိုမှတဆင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအနီး တည်ဆောက်ပြီးစီးသည့် ဆင်သေချောင်းယာယီရေထိန်းဆည် မှ လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးရေစတင်ပေးဝေနေမှု အခြေအနေများ ၊ ရှားဆေးဖိုး ကျေးရွာအနီး တည်ဆောက်ထားသည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်း မှ စိုက်ပျိုးရေပေးဝေမှုနှင့် ရေငြိမ်ကန်တည်ဆောက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေချိုသယံဇာတများ လေလွင့် ဆုံးရှုံးမှုလျှော့ချရေး နှင့် ထိရောက်စွာ သုံးစွဲနိုင်ရေး ၊ ရေအသုံးချသူများ အဖွဲ့ (WUG) များ တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

   ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းအုပ်စု၊ ကျီးဖြူရိုးရွာရှိ ပုဂ္ဂလိက အသားတိုးဝက်နှင့် အသားတိုးကြက်မွေးမြူရေးခြံတွင် မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေဖြင့် တိုးချဲ့ လုပ်ကိုင်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်မှုရရှိရေး နှင့် လုပ်ငန်းစဉ် ကွင်းဆက် တလျှောက်ရှိ ဆက်စပ်လုပ်ငန်းများ ဝင်ငွေ တိုးတက်ရရှိရေး အတွက် ကျရာ အခန်းကဏ္ဍများက ညီညီညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက် ကြရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။