Skip to main content
x

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးစီးဌာနများမှ တာဝန်ရှိသူများအား တွေ့ဆုံပြီး ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ နှင့်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများလမ်းညွှန်မှာကြား

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည်ဖေဖော်ဝါရီလ ၉ ရက် နေ့မှ ၁၁ ရက်နေ့အထိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများအား ယင်းတို့၏ဌာနများတည်ရှိရာ အစည်းအဝေးခန်းမများတွင် ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ နှင့်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများအား ဆွေးနွေး မှာကြားသည်။

တွေ့ဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာ၌မိမိတို့ တာဝန်ယူထားကြသည့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက်မူလရည်မှန်းချက်ပြည့်မီရေးအတွက်ဆောင်ရွက်မှုအားလုံးကိုသက်ဆိုင်သူများအချင်းချင်းဌာနများအချင်းချင်းညှိနှိုင်းတိုင်ပင်ကြပြီးမြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ရှိရင်းစွဲအရည်အချင်းကိုလုပ်ငန်းခွင်၌အကျိုးရှိထိရောက်စွာအားထုတ်ဆောင်ရွက်ကြသည့်နည်းတူလုပ်ဖော်ကိုင်ဖက် လက်အောက်ဝန်ထမ်းများအားလူမှန်နေရာမှန်အသုံးချနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များပိုမိုအားကောင်းလာစေရေးအတွက်မိမိဌာန၏ရည်မှန်းချက်အောင်မြင်စွာဖော်ဆောင်နိုင်မည့် ဝန်ထမ်းများအားပြုစုပျိုးထောင်ခြင်း၊ ရာထူးတိုးမြှင့်ရေးအပါအဝင် ဝန်ထမ်းရေးရာကိစ္စများကိုပွင့်လင်းမြင်သာစေပြီးအဂတိကင်းရှင်းစွာဆောင်ရွက်ရန်နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ကြရမည်  ဖြစ်ကြောင်း ၊ ထို့အပြင်ဝန်ထမ်းအဆင့်ဆင့်အနေဖြင့်လည်းမိမိတို့၏တာဝန်နှင့် ဝတ္တရားများကိုစည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ရန်အဆင့်ဆင့် အားပေးစည်းရုံးဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ဘဏ္ဍာငွေအင်အားနှင့် လုပ်ငန်းစီမံချက် စီမံကိန်းများကိုခွဲခြမ်းစိတ်ဖြာခြင်း၊ရှိပြီးသားအရင်းအမြစ်နှင့် လက်ရှိပြောင်းလဲနေသည့် ဖြစ်စဉ်များအရလက်တွေ့လုပ်ကိုင်နေသောကျွမ်းကျင်ပညာရှင်များများစွာပေါ်ထွက်လာရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Covid-19 ကပ်ရောဂါကြောင့် ကြုံတွေ့ခဲ့ရသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအမြန်ဆုံးပြန်လည်ဦးမော့လာပြီးတိုးတက်မှုများကိုထင်သာမြင်သာရှိစေရန် ၊တောင်သူလယ်သမားများနှင့်ကျေးလက်နေပြည်သူများအကျိုးရရှိခံစားနိုင်စေမည့်ထိရောက်သည့် လုပ်ငန်းအစီအမံများစနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် စျေးကွက်တွင် စားသုံးသူများဝယ်ယူစားသုံးလိုသည့် အဓိကသီးနှံများနှင့်အနာဂတ်တွင် အရေးကြီးလာမည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများဆိုင်ရာသုတေသနဖွံ့ဖြိုးရေးကိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများအတွက် လိုအပ်သည့် အရင်းအမြစ်များဖြစ်သောခြံလုပ်ငန်းများအခြေအနေ၊ ဘဏ္ဍာငွေသုံးစွဲနိုင်မှု၊ သီးနှံအလိုက် ကျွမ်းကျင်မှုတို့ကိုစိစစ်ကြပ်မတ်ပြီးဖြစ်နိုင်မှုအများဆုံးအခြေအနေများအားကာလအနေအထားနှင့် တိုက်ဆိုင်၍ သုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ပြုပြင်ရန်လိုအပ်ချက်များအပေါ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

သမားရိုးကျလုပ်ဆောင်မှုများအပြင် စိန်ခေါ်မှုများအခက်အခဲများအပေါ်ထိုးဖောက်ဖြစ်မြောက်နိုင်မည့်နည်းလမ်းများကိုရှာဖွေဖော်ထုတ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး၊မွေးမြူရေးကဏ္ဍကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍသမဝါယမကဏ္ဍများတွင် ICT နည်းပညာအသုံးပြုနိုင်မှုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

အနယ်နယ်အရပ်ရပ်တွင် တိုးချဲ့ပညာပေးရေးဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ တာဝန်ယူဆောင်ရွက်ရသည့် ဧရိယာနှင့် တောင်သူအရေအတွက် မမျှတမှုအပေါ် လုပ်ရိုးလုပ်စဉ်ထက် ရှေ့ပြေးဆောင်ရွက်ချက် လုပ်ငန်းစဉ်များသေချာစွာရေးဆွဲ၍ICT နည်းပညာအပါအဝင် ပညာပေးစခန်းများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုးတက်လာသည့်နည်းပညာနှင့်အတူတောင်သူများထံမိုဘိုင်းဖုန်းမှတဆင့် အသိပညာ၊ နည်းပညာမက်ဆေ့ချ် ပေးနိုင်သည့်နည်းလမ်းများစွာရှိသည့်အနက် မိမိတို့ တိုးချဲ့ပညာပေးရေးဝန်ထမ်းများမှတဆင့်လည်းICT နည်းပညာအသုံးပြု၍ တောင်သူများထံနည်းပညာပြန့်ပွားရေးစီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာနှင့် စျေးကွက်ချိတ်ဆက်မှုဆိုင်ရာများကိုတောင်သူများနားလည်သဘောပေါက်ရန်နှင့် လက်တွေ့အသုံးချနိုင်ရန် လိုအပ်ကြောင်း၊

စီမံကိန်းလုပ်ငန်းများတွင်လည်းဘဏ္ဍာငွေကြေးကိုအလေအလွင့်မရှိပိုင်နိုင်စွာသုံးစွဲရန်နှင့် ထိရောက်စွာဆောင်ရွက်နိုင်သူများအားရွေးချယ်တာဝန်ပေးရန်လိုအပ်မည်ဖြစ် ကြောင်း၊ ဌာနဆိုင်ရာငှားရမ်းမှုဖြစ်သောမြေကွက်၊ ခြံများကိုအမှန်တကယ်လိုအပ်ချက်နှင့်အတူသုတေသနလုပ်ငန်းနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုလုပ်ငန်းများအားထိရောက်စွာထောက်ပံ့ပေးနိုင်သည့် ငှားရမ်းမှုလုပ်ငန်းများဖြစ်စေရေးအတွက်တည်ဆဲလုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီဆောင်ရွက်မှုဖြစ်ရန်လိုအပ်ကြောင်း၊ အမှန်တကယ် ခေါင်းစဉ်တပ်ငှားရမ်းမှုနှင့် ကိုက်ညီမှုရှိရန် တာဝန်ရှိသူတို့ကစိစစ်ကာလုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူသည့် ကာလ၌ ရေရှည်ဆောင်ရွက်ရမည့် မူဝါဒနှင့် စီမံကိန်းများကိုအခြေခံလျှက် လက်ရှိအနေအထားနှင့်ကိုက်ညီသည့် စီမံကိန်းများ၊ မပြီးပြတ်သေးသောစီမံကိန်းလုပ်ငန်းများကိုလည်းပြီးပြတ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။