Skip to main content
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဥစားကြက်မွေးမြူရေးခြံများတွင် အလုံပိတ် ခေတ်မီအအေးခန်းစနစ်ဖြင့် ဥစားကြက်ကောင်ရေ ၆၀၀၀၀ မွေးမြူထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နိုဝင်ဘာ ၂၁ ရက်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မြေပုံကျေးရွာအုပ်စုရှိ မွေးမြူရေးတောင်သူ ဒေါ်အေးအိနှင့် ဒေါ်နန်းခင်သန်းဆွေတို့၏ ဥစားကြက်မွေးမြူရေးခြံများတွင် အလုံပိတ် ခေတ်မီအအေးခန်းစနစ်ဖြင့် ဥစားကြက်ကောင်ရေ ၆၀၀၀၀ မွေးမြူထားရှိမှု၊ စက်ဖြင့်အစာကျွေးခြင်း၊ ဥကောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးအားပေးပြီး တာဝန်ရှိသူများအား ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် GAHP-ဂျီအေအိပ်ပီနှင့်အညီ မွေးမြူထုတ်လုပ်သော လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် ပွေးကောက်ကျေးရွာအုပ်စုရှိ ဒီဇင်ဘာ နို့စားနွား မွေးမြူရေးခြံ၏ နို့စားနွား ၁၇၁ ကောင် မွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်း မလိုင်၊ ထောပတ်၊ ဒိန်ချဉ်နှင့် နို့ခြောက် ထုတ်လုပ်မှုတို့ကို ကြည့်ရှုအားပေးပြီး တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူရေးဆောင်ရွက်ခြင်း စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ အစားအစာ ဘေးကင်းလုံခြုံရေး အလေးထား ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပွေးတောင်ကော်ဖီခြံသို့ရောက်ရှိပြီး ပုဂ္ဂလိကကော်ဖီလုပ်ငန်းက ထုတ်လုပ်လျက်ရှိသည့် အသင့်ဖျော်ကော်ဖီစက်ရုံနှင့် ကက်တီမိုးကော်ဖီ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဧည့်ခန်းမ၌ ခရိုင်နှင့်မြို့နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန တာဝန်ရှိသူများကို သီးခြားဆီတွေ့ဆုံ၍ ခေတ်မီနည်းပညာ အသုံးပြုစိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်နိုင်ရေး အားပေးမြှင့်တင်ရန် လိုအပ်ချက်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စားဝတ်နေရေး လိုအပ်ချက်များကို တာဝန်ရှိသူအဆင့်ဆင့်က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စောင့်ရှောက်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပုဂ္ဂလိကပိုးမွေးမြူရေးခြံ၏ ပိုးမွေးမြူထားရှိမှုနှင့် ပိုးထွက်ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။