Skip to main content
x

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၏အရည်အသွေး ပိုမိုကောင်းမွန်ရန် ဆက်လက်ကြိုးပမ်းရန် လိုအပ်

နေပြည်တော် ဖေဖော်ဝါရီ ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သုတေသီများနှင့် တောင်သူလယ်သမားများ ပါဝင်သော တောင်သူနည်းပညာဆွေးနွေးပွဲများ (Farmers’ Technical Forum) ကို အပတ်စဉ်စနေနေ့တိုင်း ကျင်းပလျက်ရှိရာ (၂၆) ကြိမ်မြောက် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးသုတေသဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

(၂၆) ကြိမ်မြောက် ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မွေးမြူရေးလုပ်ငန်း များအနက် ဆိတ်မွေးမြူရေးလုပ်ငန်းသည် ကျေးလက်နေပြည်သူများအတွက် အရင်းအနှီး အနည်းဆုံးနှင့် မိသားစုဝင်ငွေရရှိစေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဆိတ်၏သဘာဝအရ အကြမ်းခံနိုင်ပြီး အစာမရွေး စားသောက်တတ်သဖြင့် စားကျက်ဒေသမရွေး ကောင်းစွာမွေးမြူနိုင်ကြောင်း၊ မျိုးအောင်မြင်မှုနှုန်း ကောင်းမွန်၍ ကောင်ရေတိုးပွားနှုန်းလည်း အလွန်မြင့်မားသဖြင့် ကျေးလက်နေပြည်သူများအတွက် အာမခံချက်ရှိသည့် ဝင်ငွေရလုပ်ငန်းဖြစ်သော်လည်း ၂၀၂၁ ခုနှစ် စာရင်းဇယားများအရ သိုး၊ ဆိတ်ကောင်ရေ ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် သိုး၊ ဆိတ်များတွင် ဖြစ်တတ်သည့် ကူးစက်ရောဂါများ၊ ကပ်ပါးရောဂါများကို စနစ်တကျကာကွယ်ပြီး စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ကြရေးအတွက် ပညာရှင်များနှင့် တောင်သူများ အကောင်းဆုံး နှီးနှောဖလှယ်ဆွေးနွေးကြပြီး မွေးမြူရေး တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေး၊ အသားထုတ်လုပ်မှုကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်နိုင်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ကြိုးပမ်းရာတွင် တောင်သူနှင့် ပညာရှင်အကြား ကွက်လပ်မရှိ ထိတွေ့ရန် လိုအပ်ချက်များ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၏အရည်အသွေး ပိုမိုကောင်းမွန်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆွေးနွေးပွဲသို့ ဇေယျာသီရိမြို့နယ်မှ တောင်သူများ ၇၀ ခန့် တက်ရောက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်သက်စိုးက သိုး၊ ဆိတ် မွေးမြူရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွေးမြူရေးသုတေသနဦးစီးဌာနမှ ဒေါက်တာဆောဘောမ်က သိုး၊ ဆိတ်မွေးမြူရေးနှင့် ကပ်ပါးရောဂါအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တောင်သူများ၏ မေးမြန်းတင်ပြချက်နှင့် လိုအပ်ချက်များကို ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြေကြား ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လက်တွေ့စိုက်ကွင်းတွင် ဆောင်ရွက်ထားရှိသည့် ဆင်းရွှေကြာ -၂ နေကြာမျိုးကို ဖီနိုတစ်ပစ် ရီကားရင့်မက်စ် ဆလက်ရှင် (Phenotypic Recurrent Mass Selection) နည်းဖြင့် မျိုးမြှင့်တင်ခြင်းဆောင် ရွက်မှုများကို ကွင်းဆင်းကြည့်ရှုပြီး နေကြာပန်းခိုင် အရွယ်အစား၊ ပန်းခိုင်တစ်ခုတွင် ပါဝင်သည့် အောင်မြင်သောအစေ့ အရေအတွက်၊ ပင်စည်၏ တောင့်တင်းခိုင်မာမှုအစရှိသည့် ရုပ်သွင်ပြင် လက္ခဏာများကို အခြေခံ၍ မျိုးရွေးချယ်ခြင်း နည်းလမ်းများနှင့်ပတ်သက်၍ ဘွဲ့ကြို ဘွဲ့လွန် သင်တန်းသားများကို ရှင်းလင်း ပြောကြားသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ပညာသင်ယူလျက်ရှိကြသော ဘွဲ့ကြို ဘွဲ့လွန် သင်တန်း သားများအနေဖြင့် သဘာဝအတိုင်း ပင်ခြား ဝတ်မှုန်ကူးသည့် နေကြာသီးနှံကို မျိုးရွေးချယ်ခြင်းနှင့် မျိုးမြှင့်တင်ခြင်းဆောင်ရွက်မှုများကို လက်တွေ့သင်ယူလေ့လာနိုင်ကြစေရန် ရည်ရွယ်၍ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။