Skip to main content
x

လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု(အခြေခံ)တောင်သူသင်တန်းဖွင့်ပွဲကျင်းပ

တောင်ကြီး ဇွန် ၂၂

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈)အလတ်စားစက်ပြင်အလုပ်ရုံ၊ ရွှေညောင်မြို့တွင် လယ်ယာသုံးစက်ကိရိယာ ပြုပြင် ထိန်းသိမ်းမှု(အခြေခံ) တောင်သူသင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ယနေ့ကျင်းပခဲ့ပါသည်။

            အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ရာ ရာသီဥတု ပြောင်းလဲမှု နှင့် လုပ်သားအင်အားရှားပါမှုတို့ကြောင့် လယ်ယာလုပ်ငန်းမှာ စက်မှုလယ်ယာ ကူးပြောင်းရေးကို မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း၊ တောင်သူတွေ လယ်ယာသုံး စက်ကိရိယာများ ပိုမိုတိုးတက်ပိုင်ဆိုင်လာအောင် ဆောင်ရွက်မှသာ စက်မှုလယ်ယာ ကူးပြောင်း ရေးကို မြန်မြန်ဆန်ဆန် ရောက်ရှိမှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများ ပိုင်ဆိုင်လာ သည်နှင့်အမျှ လယ်ယာသုံးစက်ကိရိယာ အသိပညာ၊ အတတ်ပညာများ ပိုမိုသိရှိရန် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ရန်လိုကြောင်း မှာကြားခဲ့ပါသည်။

            ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးဌာနမှူး ညွှန်ကြား ရေးမှူး ဦးသောင်းထိုက်မှ သင်တန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခဲ့ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။

            အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား(၃၀)ဦး အပါအဝင် စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပါသည်။

            လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းရေးသင်တန်းကို (၂၁.၆.၂၀၂၁)မှ (၁၈.၇.၂၀၂၁)ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် စက်မှုလယ်ယာဦးစီးဌာနမှ သင်တန်းဆရာများမှ လယ်ယာသုံး စက်ကိရိယာများနှင့်ပတ်သက်သည့် အသိပညာ၊ အတတ် ပညာများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။