Skip to main content
x

လွိုင်လင်မြို့နယ်ရှိ ကျေးရွာ ၃၈ရွာ၌ တစ်အိမ်သုံးဆိုလာစနစ်ဖြင့်မီးရရှိရေး ဆောင်ရွက်ပြီးစီး

လွိုင်လင် ဇွန် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၈ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန်းဖွံ့ဖြိုးရေဘဏ်နှင့် ကျေးရွာပြည်သူလူထုပူးပေါင်းထည့်ဝင်ငွေများဖြင့်  တစ်အိမ်သုံးဆိုလာစနစ်ဖြင့်မီးရရှိရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင်လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း လွိုင်လင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါကျေးရွာ ၃၈ရွာမှာ ပန်လင်း၊ နင်းမွန်း၊ ဝမ်တုတ်၊ ဝမ်ကျောင်း၊ စစ်လောက်၊ လျန်လျင်၊ ကုန်းလောင်၊ ကုန်းလုံ၊ စံပူး၊ လွိုင်မူး၊ နဲလိန်း၊ တွန်တီး၊ လုံခေါ်၊ ကုန်းမယ်ဇလီ၊ ဒုံတန်၊ နားသော်၊ ပန်ဟု၊ နမ့်ယိုမူ၊ နမ့်လန်း၊ ဆန်ဆန်၊ လွယ်ကင်၊ ဝမ်ဆောက်၊နောင်ပါတပ်၊ ဝမ်နောင်၊ ကောင်းမဲ့၊ ညာပန်း၊ ကွန်ကန်၊ ပါဟုတ်၊ ခဲလောင်း၊ လုံအောင်၊ ရွှေဥဒေါင်း၊ နမ့်ဆိုင်း၊ လုံချိန်၊ ပန်ပိန်း၊ ဝမ်စန်း၊ နမ့်ထမို၊ ခိုက်မိုက်ဆော့၊ နောင်ကွတ်ကျေးရွာများဖြစ်ပြီး တစ်အိမ်သုံး(၆၀) ဝပ်ဆိုလာ (၁၀၇၀) စုံ၊ (၁၀၀)ဝပ်ဆိုလာ (၆၁၂) စုံ၊ လမ်းမီးတိုင် (၁၅၂) စုံ၊ မူလတန်းကျောင်းအတွက် (၁၆) စုံ၊ မူလွန်ကျောင်းအတွက် (၂) စုံ၊ အလယ်တန်းကျောင်းအတွက် (၂) စုံ၊ ဘာသာရေးအဆောက်အဦအတွက် (၁၈) စုံ၊ ကျေးလက်ဆေးပေးခန်းအတွက် (၅) စုံ၊ စုစုပေါင်းဆိုလာ (၁၈၇၇) စုံကို ယခုနှစ် ဇန်နဝါရီလအတွင်းက စတင်တပ်ဆင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်ဆိုလာများအားလုံးတပ်ဆင်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

တစ်အိမ်သုံးဆိုလာများကို ဒေသခံပြည်သူများက မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျကိုင်တွယ်အသုံးပြုစေရန် ရည်ရွယ်၍ ဝပ် ၆၀ ဆိုလာစနစ်အတွက်ငွေကျပ်ငါးသောင်းနှင့်ဝပ် ၁၀၀ ဆိုလာစနစ်အတွက် ငွေကျပ် ၁၅၀၀၀၀ ပြည်သူ့အချိုးကျ အရစ်ကျစနစ်ဖြင့်နှစ်ကြိမ်ခွဲ၍ထည့်ဝင်ရပြီး ဆိုလာစနစ် တစ်စုံစာအတွက်ကျန်ရှိသည့်တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှကျခံပေးခြင်းပြီးစီမံကိန်း ကျေးရွာရှိ အများပြည်သူပိုင်အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကိုစီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့်အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်း ကပြောပြ၍သိရသည်။