Skip to main content
x

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဥယျာဉ်ခြံသီးနှံသုတေသနဌာနခွဲအောက်ရှိ ကျောက်တံတားသုတေသနခြံတွင် သုတေသနလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဥယျာဉ်ခြံသီးနှံသုတေသနဌာနခွဲ အောက်ရှိ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်း၌ တည်ရှိသော ကျောက်တံတား သုတေသနခြံသည် ဒေသနှင့်ကိုက်ညီသော အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် သီးနှံမျိုးကောင်းမျိုးသန့်များ စမ်းသပ်ဖော်ထုတ်ရန်၊ သဘာဝအရင်းအမြစ်များကိုရေရှည် ထိန်းသိမ်းပြီးသီးနှံအလိုက် အကျိုး အမြတ်အများဆုံးရရှိသည့် စိုက်ပျိုးနည်းစနစ်များ၊ သီးနှံပုံစံများဖော်ထုတ်ရန်၊ နယ်မြေဒေသရှိ စိုက်ပျိုးရေးနှင့် သီးနှံဆိုင်ရာပြဿနာများ ဖြေရှင်းရေးသုတေသနပြုဆောင်ရွက်ရန်၊ တောင်သူ လယ်သမားများအတွက် အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရန်၊ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူလယ်သမားများအားသုတေသနပြုခြင်းမှရရှိသည့် သီးနှံမျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များ လက်တွေ့ပညာပေးရေး ဆောင်ရွက်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် သီးနှံသုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။

ကျောက်တံတားသုတေသနခြံတွင် လက်ရှိဆောင်ရွက်နေသော သုတေသနလုပ်ငန်းများအနေ ဖြင့် စျေးကွက်ဝင်စိန်တစ်လုံးသရက်မျိုးများ၏ ပင်ကြားတန်းကြား အကွာအဝေးနှင့်အသီးအရည် အသွေး၊ အထွက်နှုန်းတို့၏ဆက်စပ်မှုကိုလေ့လာသည့် သရက်သီးနှံ သုတေသနများကိုလည်းကောင်း၊ ဖီးကြမ်း၊ တစ်သျှူးငှက်ပျော၊ ခွံဝါစသောငှက်ပျောမျိုးများ၏ စျေးကွက်လိုအပ်ချက်အရ ဝယ်လိုအား အများဆုံးဖြစ်သည့် ပွဲတော်ကာလအချိန်များတွင် တစ်ပြိုင်တည်းရောင်းချနိုင်မည့် ငှက်ပျောခိုင်များ ရရှိရန်အလို့ငှာ တချိန်တည်းတွင် ပွင့်သီးခိုင်ညီညာစွာထွက်ရှိစေမည့် စိုက်နည်းစနစ်ရှာဖွေသည့် သုတေသနများကိုလည်းကောင်း၊ မတ္တရာမြို့နယ်အတွက် အမယ်သစ် သီးနှံသုတေသနအဖြစ် စပျစ်သီးနှံမျိုး(၃)မျိုးဖြစ်သည့် Black Queen(BQ)၊ Italy no.3နှင့် ချွန်းသီး အစရှိသည့်မျိုးများကို  ဒေသနှင့်ကိုက်ညီမှု၊ အပင်ဖြစ်ထွန်းမှု၊ သီးထွက်၊ အရည်အသွေးနှင့်စီးပွားရေးတွက်ခြေကိုက်မှုတို့နှင့် ဆက်စပ်သည့် သုတေသနများကိုလည်းကောင်း၊ ဒေသ၊ရေမြေနှင့်ကိုက်ညီသော အစေ့စားမြေပဲမျိုး များရရှိရေးစသည့် မြေပဲသီးနှံသုတေသနများအားလည်းကောင်း၊ စပါးသုတေသနများဖြစ်သည့် ဆည်ရေသောက်ဒေသနှင့်သင့်တော်သည့် စပါးမျိုးများရှာဖွေခြင်း၊ အရည်အသွေးကောင်း စပါးများ ရှာဖွေခြင်း၊ အပူဒဏ်ခံနိုင်သည့် စပါးမျိုးများရှာဖွေခြင်းသုတေသနများနှင့် စပ်မျိုးစပါး သုတေသန စသည့် သုတေသနလုပ်ငန်းများကို လည်းကောင်း၊ ဒေသဆိုင်ရာတောင်သူများ၏ လိုအပ်ချက် အခက်အခဲပေါင်းများစွာအား ဖြေရှင်းပေးနိုင်ရေးအတွက် သုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။

ကျောက်တံတား စိုက်ပျိုးရေးသု‌တေသနခြံအနေဖြင့် ဒေသဆိုင်ရာတောင်သူများအတွက် အရည်အသွေးကောင်း စပါးမျိုးသစ်များဖြစ်သည့် YQR-11၊ YQR-12၊ ရွှေရည်တိုး အစရှိသည့် မျိုးသစ် များကို စတင်ဖြန့်ဝေပေးလျက်ရှိသလို ဒေသတွင်းကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြသည့် နွေရာသီ အစိုက်များသည့် ရွှေမနော်၊ ရွှေသွယ်ရင်စပါးမျိုးများကိုလည်းကောင်း၊ မိုးရာသီတွင် အစိုက်များသည့် ရွှေမနော်၊ မနောသုခ၊ ဆင်းသုခ၊ ဧရာမင်းစသည့် စပါးမျိုးများကိုလည်းကောင်း၊ အောက်တိုဘာလ တွင်စိုက်ပျိုးကြသည့် ရေကျနောက်စိုက်နှင့် သင့်တော်သော စပါးမျိုးများဖြစ်သည့် မနောသုခ၊ ဆင်းသုခမျိုးများအားလည်းကောင်း၊ ဆီထွက်သီးနှံဖြစ်သည့်မြေပဲသီးနှံအနေဖြင့် ဆင်းပဒေသာ-၁၁၊ ဆင်းပဒေသာ-၇မျိုးများအားလည်းကောင်း၊ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဒေသရေမြေ ရာသီဥတု နှင့် လိုက်လျောညီထွေစိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်တောင်သူများ၊ မျိုးစေ့ထုတ် ကုမ္ပဏီများအား ဖြန့်ဖြူးပေးလျက်ရှိပါသည်။

ထို့အတူ ကျောက်တံတားစိုက်ပျိုးရေးသု‌တေသနခြံသည် တောင်သူများအတွက် စိုက်ပျိုးနည်း ပညာများဖြန့်ဝေခြင်း၊ တောင်သူပညာပေးသင်တန်းများဆောင်ရွက်ပေးခြင်းအပြင် နည်းပညာနှင့် သီးနှံမျိုးသစ်များအား မိတ်ဆက်သည့် သီးနှံကွင်းသရုပ်ပြပွဲများအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာတို့ပူးပေါင်းကာနှစ်စဉ်ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

စိုက်ပျိုးသူတောင်သူများအနေဖြင့် လိုအပ်သည့်မျိုးနှင့် နည်းပညာများကိုရယူလိုပါက မန္တလေး တိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ကျောက်တံတားစိုက်ပျိုးရေးသု‌တေသနခြံသို့ အချိန်မရွေး ဆက်သွယ် ရယူနိုင်ပါကြောင်း သတင်းရရှိပါသည်။