Skip to main content
x

ကျုံပျော်မြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူများနှင့် နည်းပညာနှီးနှောဖလှယ်ပွဲကျင်းပ

စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သည့်သီးနှံများ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်မှုမရှိခဲ့သည့် ဧရိယာများမှ စပါး၊ ပဲ၊ ဝါ၊ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးအတွက် တောင်သူများနှင့် နည်းပညာနှီးနှောဖလှယ်ပွဲကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၌ ကျင်းပသည်။

နည်းပညာနှီးနှောဖလှယ်ပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ သုတေသီများနှင့် မျိုး၊ မြေ၊ ရေ၊ နည်းပညာရှင်များ၊ တိုင်းဒေသကြီး၊ ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျုံပျော်၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ရေကြည်နှင့် ပန်းတနော်မြို့နယ်တို့မှ ဝန်ထမ်းများနှင့် တောင်သူများတက်ရောက်ကြသည်။

နှီးနှောဖလှယ်ပွဲတွင် ဒုတိယဝန်ကြီးက တောင်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေစီမံခန့်ခွဲရာတွင် အထူးသဖြင့် အထွက်နှုန်းပိုမိုရရှိရန် ရေသည်အရေးကြီးသကဲ့သို့ မြေဆီလွှာကျန်းမာရေးကောင်းမွန်စေရန် သဘာဝမြေဩဇာများ ပြုလုပ်ထည့်သွင်းအသုံးပြုပေးခြင်း၊ နွားချေးများထည့်ပေးခြင်း၊ သစ်စိမ်းမြေဩဇာစိုက်ပေးခြင်း စသည်ဖြင့် ပြန်လည်ထိန်းသိမ်းခြင်းများသည်လည်း အရေးကြီးကြောင်း၊ ထို့အတူ မိတ်ဆွေပိုးများကို ဆွဲဆောင်နိုင်သည့် နေကြာကဲ့သို့ သီးနှံများစိုက်ပျိုးခြင်းဖြင့် ဂေဟစနစ်ကိုလည်း ပြန်လည်ထိန်းညှိပေးနိုင်မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ရာသီဥတုသည် သဘာဝ၊ အခက်အခဲသည် သာမည၊ နည်းပညာသည် အဓိကဆိုသည့်အတိုင်း နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အကြားအလပ်မရှိ အားလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ သီးနှံမျိုးပညာရှင်များ၊ မြေဆီလွှာပညာရှင်များ၊ သီးနှံကာကွယ်ရေး ပညာရှင်များက စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ စသည့်သီးနှံမျိုးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြေဆီလွှာယိုယွင်းမှု အပေါ်ကာကွယ်ထိန်းသိမ်းနည်းများ၊ ဂေဟစနစ် ပြန်လည်ကောင်းမွန်လာစေရေးအတွက် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများ၊ ပေါင်းမြက်ကာကွယ်နည်းများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တောင်သူများနှင့်အုပ်စုဖွဲ့ကာ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆွေးနွေးကြပြီး အုပ်စုအလိုက်ဆွေးနွေးရရှိချက်များကို ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် ဂုန်မင်းကျေးရွာအုပ်စုရှိ ရေကြီးနစ်မြုပ်၍ ပြန်လည် စိုက်ပျိုးသည့် စပါးခင်းအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ကြဲပက်ထားရှိမှု အခြေအနေများကိုမေးမြန်းပြီး သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ၊ ပေါင်းနှိမ်နင်းခြင်း၊ ရောဂါကျရောက်မှုအခြေအနေများအပေါ် ဆောင်ရွက်သင့်သည်များ ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ကွင်းယားအရှေ့ကျေးရွာအုပ်စု မိုးစပါး တစ်ဧက တင်း ၁၀၀ အထက် ထွက်ရှိရေး မျိုးစေ့ထုတ်စံပြကွက်ကို ကြည့်ရှုစစ်ဆေးပြီး ကွင်းယားကြီးခန်းမ၌ ဒေသခံတောင်သူများ ပညာရှင်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပဲမျိုးစုံသီးနှံ၊ ဆီထွက် သီးနှံ၊ သီးနှံကာကွယ်ရေး၊ မြေဆီလွှာထိန်းသိမ်းရေး ဆိုင်ရာများနှင့် လာမည့်နှစ်တွင် စပါးနှင့် နေကြာ၊ ပဲပုပ်သီးနှံများ ထည့်သွင်းစိုက်ပျိုးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။