Skip to main content
x

(၅၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ

(၅၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ “ကူမင်းပန်းဈေးကွက် အလားအလာနှင့် ပန်းမန်ဆိုင်ရာ သုတေသနများ အကြောင်း”ခေါင်းစဉ်ဖြင့် ကျင်းပသည်။ 

ဆွေးနွေးပြောကြား

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တောင်သူကြီးများအနေဖြင့် ပန်းစိုက်ပျိုးသူအသင်းအဖွဲ့များ ဖွဲ့စည်း၍ စုပေါင်းဆောင်ရွက်စေလိုကြောင်း၊ အိမ်ခြံမြေအတွင်း ဥယျာဉ်ခြံစိုက်ပျိုးခြင်းအတွက် ပန်းမန်စိုက်ပျိုးမှုကို အထူးအားပေးလိုပါကြောင်း၊ ယာမြေပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် ဈေးကွက်နှင့် ချိတ်ဆက်စိုက်ပျိုးတင်ပို့နိုင်ရေး စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန၊ Asia Flower Mall Myanmar Co,ltd. တို့နှင့် အားလုံးချိတ်ဆက်ဆောင်ရွက်စေလိုပါကြောင်း၊ သဇင်၊ နှင်းဆီကဲ့သို့ ပန်းသုတေသနများ ပိုမိုတိုးတက်ဆောင်ရွက်စေလိုကြောင်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ Asia Flower Mall Myanmar Co,ltd. မှ Director ဒေါ်ဖွေးဖွေးသန့်က ကူမင်းမြို့ရှိ Dou Nan ပန်းဈေးကြီးနှင့် ကူမင်းပန်းဈေးကွက်အလားအလာနှင့်စပ်လျဉ်း၍ ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကိုလည်းကောင်း၊ Asia Flower Mall Myanmar Co,ltd. က ကူမင်းပန်းဈေးကွက်သို့တင်ပို့ရန် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ပွဲကောက်ရွာစုပေါင်းခြံတို့တွင် စိုက်ပျိုးထုတ်လုပ်နေမှု၊ ဈေးကွက်သို့တင်ပို့ရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ဆက်စပ်၍လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပန်းမန်သုတေသနဌာနစုမှ ဒေါ်နှင်းနှင်းနွယ်က ပန်းမန်ဆိုင်ရာသုတေသနများ ဆောင်ရွက်နေမှုအကြောင်းနှင့် စပ်လျဉ်း၍လည်းကောင်း တင်ပြဆွေးနွေးကြရာ တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက သုတေသနနှင့် Asia Flower Mall Myanmar Co,ltd. တို့မှ တောင်သူများနှင့် ကုမ္ပဏီပူးပေါင်း၍ ကူမင်းပန်းဈေးကွက် ပို့ဆောင်နိုင်ရေး ရှေးဦးစွာဆောင်ရွက်ရမည့် သုတေသနများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။

ယနေ့ကျင်းပသည့် (၅၅)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ သုတေသီများ၊ စိုက်ပျိုးပညာပေးပညာရှင်များ၊ ဇေယျာသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့မှ တောင်သူ ၉၀ တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများက Zoom point ၆၈ point မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။