Skip to main content
x

မျိုးစေ့ ပြပွဲ ရက်သတ္တပတ် ၂၀၂၂ ကျင်းပမည်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖေါ်ဝါရီလ(၁၆)ရက် မွန်းလွဲပိုင်းက မျိုးစေ့ ပြပွဲ ရက်သတ္တပတ် ၂၀၂၂ ကျင်းပရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး သည်။

မျိုးကောင်းမျိုးသန့် မျိုးစေ့ ထုတ်လုပ် သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် လယ်ယာ ကဏ္ဍတွင် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြု စိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှု မြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မျိုးစေ့ ပြပွဲ ရက်သတ္တပတ် ၂၀၂၂ ကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှိ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံ ကျောင်းဝင်း အတွင်း၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လူမှုစီးပွားတိုးတက်ဖို့၊ မျိုးကောင်းမျိုးသန့်သုံးကြစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည့် အဆိုပါပြပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများရှိ သုတေသနခြံများ၊ မျိုးသန့်မျိုးပွားခြံများမှ ထုတ်လုပ်ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ နှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံမျိုးစေ့ ပျိုးပင် ပြခန်း ပြကွက်များ နှင့် စိုက်ခင်းများ၊ ပုဂ္ဂလိက ပြခန်းများ စုံလင်စွာ ခင်းကျင်း ပြသထားမည် ဖြစ်ပြီး ပြပွဲရက်များအတွင်း စကားဝိုင်းဆွေးနွေးပွဲများကိုလည်း ထည့်သွင်းစီစဉ်ပေးသွားမည်ဖြစ်ရာ အနယ်နယ် အရပ်ရပ်မှ လာရောက်လေ့လာကြမည့် လယ်ယာကဏ္ဍကို စိတ်ဝင်စားသူများအနေဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ် အသုံးပြုခြင်းများ နှင့် သက်ဆိုင်သည့် ဗဟုသုတများကို စုံလင်စွာလေ့လာနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရေးဆင်း တက္ကသိုလ်များနယ်မြေရှိ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာန ဝန်ထမ်းများ၏ ပထမအကြိမ် ထုပ်စည်းတိုးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြာင်းဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များနှင့် ဦးစီးဌာန ကိုယ်စားပြု အသင်းများ၏ ထုပ်စည်းတိုးအားကစား ယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးသည်။ အသင်းအဖွဲ့လိုက်ပူးပေါင်းကစားရပြီး ယှဉ်ပြိုင်ဘက်၏ အရိပ်အကဲကို သုံးသပ်၍ ၊ ဖျတ်လတ်သွက်လက်မှု  နှင့် ဆုံးဖြတ် ဆောင်ရွက်နိုင်စွမ်းများ ကို အသုံးချကစားရသည့် မြန်မာ့ရိုးရာ အားကစား နည်း ဖြစ်သော ထုပ်စည်းတိုးအားကစားနည်း တွင် ပါဝင်ယှဉ်ပြိုင်သူများ နှင့် တခဲနက် အားပေးကြသည့်ဝန်ထမ်းများအကြား ချစ်ကြည်ရင်းနှီးမှု တိုးပွားလာရေး၊ စိတ်ပင်ပန်းမှုများ ဖြေလျှော့နိုင်ရေး၊ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး တို့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။