Skip to main content
x

အသားကဏ္ဍဖွံ့ဖြိုးရေးအတွက် “အသားစားနွား မွေးမြူထုတ်လုပ်ရေး တန်ဖိုးကွင်းဆက်” စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

အသားစားနွားမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော အသားများကို ပြည်တွင်း စားသုံးမှုဖူလုံစေရုံသာမက ပြည်ပသို့ပါ တင်ပို့ ရောင်းချနိုင်ရန်အတွက် မွေးမြူထုတ်လုပ်မှု တန်ဖိုး ကွင်းဆက်တစ်လျှောက်ရှိ  လုပ်ငန်းများ မြှင့်တင်ဖော်ထုတ်နိုင်ရန် တို့ကိုရည်ရွယ်ကျင်းပသည့် အသားစားနွား မွေးမြူ ထုတ်လုပ်ရေး တန်ဖိုးကွင်းဆက်” စကားဝိုင်း ဆွေးနွေးပွဲကို မတ်လ (၄) ရက်နေ့ မွန်းလွဲပိုင်းက  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင် ခန်းမ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်လေ့လာခဲ့ကြသည်။

     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် နိုင်ငံဝန်ထမ်းများအကြား နည်းပညာ နှင့် အတွေးအခေါ် အသစ်အဆန်းများရရှိစေရန်၊ တစ်ဦးချင်း၏ လေ့လာမှတ်သားထားရှိချက်များ ဖလှယ်နိုင်ရန် ကဏ္ဍအလိုက် ခေါင်းစဉ်များ သတ်မှတ်၍ လစဉ် စကားဝိုင်းဆွေးနွေးပွဲများ ကို ကျင်းပခဲ့ရာ ယနေ့ကျင်းပသည့် စကားဝိုင်း ဆွေးနွေးပွဲမှာ သတ္တမအကြိမ် ကျင်းပခြင်း ဖြစ်သည်။

     စကားဝိုင်းဆွေးနွေးပွဲ တွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ တိုးမြင့်လာသော ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချရာ တွင်  အသားထွက်စံနှုန်းနှင့်အရည်အသွေး ပြည့်ဝသော အသားနှင့် ထွက်ကုန် ပစ္စည်းများ ရေရှည်ဈေးကွက် ရရှိရန် အသားစားနွား မွေးမြူသည့်စနစ် ကျယ်ပြန့်စွာလုပ်ကိုင်နိုင်ရေး အတွက် နိုင်ငံတော်မှ အားပေး ကူညီလျက် ရှိကြောင်း၊ နွားနောက် အပါအဝင် ဒေသကျွဲနွားမျိုးများ၏ မျိုးဗီဇ လက္ခဏာများအပေါ် သုတေသနပြုပြီး အားသာချက်များကို ရှာဖွေ ဖော်ထုတ် ပေးခြင်း၊ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် အသားစား နွားမျိုးများ တင်သွင်းမွေးမြူနိုင်ရေး နှင့် မျိုးမြှင့်တင် ခြင်းများ ဆောင်ရွက်ပေးခြင်း၊ အစာကျွေးမွေးမှု၊ အဟာရပြည်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များ နှင့် ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများ ကို မွေးမြူ ထုတ်လုပ်မှု ကွင်းဆက်တလျောက်တွင် ဟန်ချက်ညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဖြင့် ဆွေးနွေးပြောကြား သည်။

     စကားဝိုင်း ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ အစီအစဉ်မှူး အဖြစ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး‌ ဒေါက်တာမင်းသိမ်းမော် က ဆောင်ရွက်ခဲ့ပြီး ဒုတိယ ညွှန်ကြား ရေးမှူး‌ ဒေါက်တာရဲနန္ဒ ၊ ဒုတိယ ညွှန်ကြားရေးမှူး‌ ဒေါက်တာ ဌေးဇော်ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမိုးလွင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဆွေလင်းထက် ၊ ဦးစီးအရာရှိ ဒေါက်တာလှိုင်ဝင်း တို့က အသားစားနွားမွေးမြူ ထုတ်လုပ်ရေး တန်ဖိုးကွင်းဆက် တွင် လိုအပ်လျက် ရှိနေသည့် တိရစ္ဆာန် အစာနှင့်စားကျက်ဆိုင်ရာများ၊ မွေးမြူထုတ်လုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အသားစားနွား မွေးမြူရေးနှင့် မျိုးများ နှင့်ပတ်သက်၍လည်းကောင်း၊ ဈေးကွက်ဆိုင်ရာ အခြေအနေများ၊ ရောဂါထိန်းချုပ်ရေး အစီအစဉ် အသားစားနွား မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် မွေးမြူသူတောင်သူများအား နည်းပညာပံ့ပိုးပေးရေးဆိုင်ရာများကိုလည်းကောင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်ရောင်းချနိုင်ရေး၊ ဈေးကွက်ခိုင်မာရေး၊ မူဝါဒများချမှတ်နိုင်ရေး နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ လည်းကောင်း ရှုထောင့် အသီးသီးမှ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

crd     www.agri.com.mm