Skip to main content
x

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တွင် အဖွင့်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီအစိုးရ အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဘက်စုံ ကဏ္ဍစုံမှ အားပေး ဆောင်ရွက်လျက် ရှိသကဲ့သို့ သုတေသန အသုံးစရိတ်များလည်း တိုးမြှင့်၍ ထုတ်လုပ်မှုဆိုင်ရာသုတေသန ၊ အသုံးချနည်းပညာဆိုင်ရာ သုတေသနများ အပါအဝင် တောင်သူများအတွက် တိုက်ရိုက်အကျိုးရှိစေမည့် သုတေသနလုပ်ငန်းများကို ဦးစားပေးအလိုက် တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း မေလ(၂၆)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတန်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနတာဝန်ခံများ တက်ရောက်ကြပြီး၊ ဒေသဆိုင်ရာ သုတေသနဌာနမှ သုတေသီများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ ဘဏ္ဍာငွေကြေးသုံးစွဲမှုနှင့် လူသားအရင်းအမြစ် အသုံးချမှု တို့ကို  ထိရောက်စွာအသုံးပြုနိုင်ရေး အတွက် စနစ်တကျစီမံခန့်ခွဲဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နည်းပညာ လွှဲပြောင်း ဖြန့်ဝေခြင်း ဆိုင်ရာ လုပ်ငန်းများတွင် အိုင်တီနည်းပညာ အပါ အဝင်  နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရာ၌ ဦးစီးဌာနများ ၊  တက္ကသိုလ်များရှိ လုပ်ငန်းသဘာဝတူသည့် ဌာနများ အချင်းချင်း ချိတ်ဆက်ပေါင်းစပ်ပြီး ပိုမိုထိရောက်အားကောင်းလာစေရေး အလေးထား ဆောင်ရွက် ကြရန် လိုကြောင်း၊ တောင်သူများ၏ နည်းပညာ ဆိုင်ရာ လိုအပ်ချက်များကို စိုက်ပျိုးပညာပေး ဝန်ထမ်းများက သုတေသန ပညာရှင်များ ထံ ပေါင်းကူးဆက်စပ်ပေးရန် လိုအပ်သည့် နည်းတူ သုတေသန ရလဒ်များကို တောင်သူများ ယုံယုံ ကြည်ကြည် လိုက်နာ စေရန်နှင့် လက်တွေ့ကျကျ သိမြင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန နှင့်  စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ရေး သည် အလွန်အရေးပါကြောင်း၊ ထို့အပြင် ရာသီဥတုပြောင်းလဲမှုများ၊ စားသုံးသူများ၏ ကြိုက်နှစ် သက်မှု ပြောင်းလဲမှုများ၊ ဈေးကွက် လိုအပ်ချက် ပြောင်းလဲမှုများ စသည့် အပြောင်းအလဲများ နှင့်  လိုက်လျော ညီထွေ ဖြစ်စေမည့် သုတေသန လုပ်ဆောင်ချက်များ ကိုလည်း ပြုပြင် တိုးချဲ့ဆောင်ရွက်နိုင်ရန် ၊ လယ်ယာကဏ္ဍ ၏ ကုန်ထုတ် စွမ်းအားမြှင့်တင်နိုင်ရန် လယ်ယာကဏ္ဍ အဆင့်-၄ (Agriculture 4.0) သို့ ရောက်ရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်ချက် များ ကို ယနေ့ အစည်းအဝေး မှ ဆွေးနွေး ဖော်ထုတ်သွား ရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးနှင့် အစည်းအဝေးတက်ရောက်လာကြ သူများသည် ခန်းမအတွင်းခင်းကျင်းပြသထားသည့် ပေါ်ဆန်းမွှေး စပါးမျိုးသစ်များ ၊ ရောဂါဒဏ်ခံနိုင်သည့် မြေပဲ နှင့် ပဲတီစိမ်းမျိုးသစ်များ၊ မြန်မာ ခရမ်းချဉ်မျိုးသစ်များအပါအဝင် အလားအလာကောင်း သီးနှံမျိုးသစ်များ ကိုကြည့်ရှုအားပေးကြသည်။ အဆိုပါမျိုးသစ်များကို မကြာမီ မျိုးစေ့မှတ်ပုံတင်ခွင့်ပြုချက် တင်ပြသွားမည် ဖြစ်ပြီး မျိုးစေ့မှတ်ပုံတင်ခွင့် ရရှိပြီးပါက မျိုးစေ့ထုတ်လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်တောင်သူများမှတဆင့် မျိုးဖြန့်ခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါက်တာနိုင်ကြည်ဝင်း နှင့် ဒေါက်တာရဲတင့်ထွန်း တို့က သက်ဆိုင်ရာ ဦးစီးဌာန အလိုက် သုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ သုတေသန ပညာရှင်များနှင့် အစည်းအဝေးတက်ရောက်လာကြသူများက သုတေသနလုပ်ငန်းများ ၏ ထူးခြားသော တွေ့ရှိချက်များ၊ သီးနှံ မျိုးကောင်းမျိုးသန့်များ (Breeder Seed and Foundation Seed) ထုတ်လုပ်ခြင်း ဆိုင်ရာ တွေ့ရှိချက်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့၏ ပူးပေါင်း ဆောင်ရွက်ထားရှိမှုများ နှင့် အားနည်းချက် အားသာချက်များကို ရှေ့ဆက် ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများ ၊ သုတေသန လုပ်ငန်း နှင့် စိုက်ပျိုးပညာပေးရေး လုပ်ငန်းအကြား ချိက်ဆက်ဆောင်ရွက်နိုင်မည့် တောင်သူ ပညာပေး နည်းလမ်းများ၊ ရေ မြေ ဒေသ အခြေအနေနှင့် ကိုက်ညီသည့်  အထွက်နှုန်း နှင့် အရည်အသွေး ကောင်းမွန်သည့် သီးနှံမျိုးသစ် သုတေသနစီမံချက်များ နှင့် ပညာပေး စီမံချက်ဆိုင်ရာများ၊ ၂၀၂၂ -၂၀၂၃ ခုနှစ် အတွင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ဝါ ၊ ကြက်သွန်နီ၊ နှမ်း၊ ပြောင်း၊ နေကြာ၊ အာလူး စသည့် သီးနှံ(၆) မျိုး ကို စက်မှုလယ်ယာစနစ် အပြည့်အဝအသုံးပြုဆောင်ရွက်မှု နှင့် သမရိုးကျစနစ်တို့အပေါ် နှိုင်းယှဉ်လေ့လာသည့် သုတေသနလုပ်ငန်း စတင်ဆောင်ရွက်နေမှု အခြေအနေများကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

နံနက်ပိုင်းကလည်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနစိုက်ကွင်းတွင် ကျင်းပပြုလုပ်သည့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး စက်ကိရိယာအသုံးပြုခြင်း သရုပ်ပြပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသနေတောင်သူများ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တောင်သူများတက်ရောက် လေ့လာခဲ့ကြသည်။ စက်ကိရိယာများ အသုံးပြု၍ မြေဆီလွှာကို အထက်အောက် လှန်ပေးခြင်း နှင့် မြေဆီလွှာ အောက်ရှိ ကျပ်တည်း မြေဆိုင်ခဲများအား ခွဲခြေပေးခြင်းစနစ်ကို အသုံးပြုပါက အပင်များအတွက် ရေအစိုဓါတ် နှင့် အာဟာရဓါတ်ရရှိမှု ပိုမိုကောင်းမွန်ပြီး သီးနှံအထွက်နှုန်းတိုးတက်စေမည်ဖြစ်၍ မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်ရေး နည်းပညာ အပေါ် တောင်သူများ လေ့လာနိုင်ကြရန် လက်တွေ့ဆောင်ရွက် ပြသခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

 

crd ... www.agri.com.mm