Skip to main content
x

ဒေသအသီးသီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ကြိုးပမ်း

သဘာဝရေမြေ ရာသီဥတု အခြေခံကောင်းများပြည့်စုံသည့် ရှမ်းပြည်နယ်တွင် သီးနှံစုံ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ဒေသဝမ်းစာ ဖူလုံမှုရှိသည့်အပြင် ပိုလျှံသည့် သီးနှံများ၊ မွေးမြူရေးထွက်ကုန်များကို ပြည်တွင်း ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း၊ အထူးသဖြင့် အရည်အသွေးမြင့်မားသည့် ကော်ဖီ နှင့် လက်ဖက် ထုတ်ကုန်များမှာ ပြည်ပဈေးကွက် အထိ ထိုးဖောက် ဝင်ရောက်နိုင်လျက် ရှိရာ တန်ဖိုးမြင့် အဓိကထုတ်ကုန် တစ်ခုအဖြစ် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုး နိုင်သည့် ရှမ်းပြည်နယ်ကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးတစ်ခုအဖြစ် ထပ်မံပေါ်ထွက် လာစေရေး ၊ တိရစ္ဆာန်အစာ အစေ့ထုတ်ပြောင်း ထုတ်လုပ်မှု နှင့် တန်ဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများဖွံ့ဖြိုးလာရေးတို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများ နှင့် ဒေသအာဏာပိုင် များက လိုအပ်ချက်များကူညီ ဖြည့်ဆည်း ပေးလျက်ရှိကြောင်း၊ ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် ၏ လယ်ယာ ကဏ္ဍ ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် သာစည်မြို့နယ် လှိုင်းတက်ကျေးရွာရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ဖွံ့ဖြိုးရေးဌာန (VFDC)သို့ ရောက်ရှိ ကြရာ  ဒေသရာသီဥတုနှင့်သင့်လျော်မည့် သစ်သီးဝလံပျိုးပင်များ၊ ဟင်းသီးဟင်းရွက် မျိုးစေ့များ ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု နှင့် တောင်သူများအား နည်းပညာဖြန့်ဖြူးပေးရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က တောင်သူများ ဝင်ငွေအကျိုး အမြတ် ပိုမိုရရှိစေမည့် တန်ဖိုးမြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးများ နည်းပညာများ ဖြန့်ဖြူးပေးနိုင်ရေး၊ ပညာရှင်ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သုတေသနပြုတွေ့ရှိချက်များကို စာတမ်း နှင့် မှတ်တမ်းများစနစ်တကျပြုစုသည့် အလေ့အကျင့်ကောင်း ဆောင်ရွက်ရေး ၊ အများပြည်သူအတွက် နည်းပညာရပ်ဆိုင်ရာ စာအုပ်စာစောင် ထုတ်နိုင်ရေး ကြိုးပမ်းရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အောင်သာ ကျေးရွာအုပ်စု မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက(၂၅၀)စံပြကွက် တွင် မျိုးစေ့ထုတ် အကျိုးဆောင် တောင်သူများ နှင့် တွေ့ဆုံ၍ တောင်သူများ ၏ ချည်မျှင်ရှည်ဝါ မျိုးသန့်မျိုးပွား စိုက်ပျိုး ထုတ်လုပ်မှု အတွေ့အကြုံများ၊ ဌာနက ထုတ်လုပ်ပေးလိုက်သည့် ဆင့်ပွားမိဘမျိုးစေ့မှ အဆင့်ဆင့်မျိုးပွားထုတ်လုပ်သည့် မျိုးစေ့စီးဆင်းမှုမှန်ကန်ရေး၊ ထိရောက်သော မျိုးသန့် မျိုးပွား မျိုးဖြန့်မှုလုပ်ငန်း ပီပြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ မျိုးစေ့ထုတ် တောင်သူများ အကျိုး အမြတ် သေချာစေရေး နှင့် စီးပွားဖြစ်စိုက်ပျိုးရန် ထုတ်လုပ်လိုက်သည့်မျိုးစေ့ကို အသုံးပြု၍ ချည်မျှင်ရှည်ဝါ စိုက်ပျိုးရာတွင်လည်း တွက်ခြေကိုက်သည့် အရည်အသွေး နှင့် အထွက်နှုန်းရရှိမှု အခြေအနေများ ကို ရင်းနှီးပွင့်လင်းစွာ မေးမြန်း ဆွေးနွေးပြီး တောင်သူများ ၏ လိုအပ်ချက် တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီး က ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် မိတ္ထီလာမြို့နယ် ရှိ မွေးမြူရေး အသုံးချ သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ(သဖန်းခြံ)သို့ ရောက်ရှိကြပြီး မျိုးထိန်းခြင်း၊ ဆိတ် နှင့် သိုးမျိုးရင်းထိန်း မျိုးပွားခြင်း၊ မျိုးကောင်းမျိုးသန့်ထုတ်ခြင်း၊ အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးကာ ပြည်ထောင်စုဝန်ကြီး က ဒေသနှင့် ကိုက်ညီသည့် တိရစ္ဆာန်အစာပင်များဆိုင်ရာ သုတေသန ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဘောစကိုင်း နှင့်အလားတူ စိုက်ပျိုးရလွယ်ကူ သည့် တိရစ္ဆာန် ဖြည့်စွက် အစာပင်များ စိုက်ပျိုးသုံးစွဲမှုဆိုင်ရာများ၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးမှု ကျယ်ပြန့်လာရေးအတွက် တောင်သူကိုယ်တိုင် မျိုးချန် မျိုးပွား စိုက်ပျိုး နိုင်သည့် သီးနှံမျိုးများ ကို မျိုးပွားဖြန့်ဖြူး ပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားကာ မွေးမြူရေး အသုံးချ သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ (သဖန်းခြံ)၏ မွေးမြူရေးလုပ်ငန်း နှင့် တိရစ္ဆာန်အစာပင် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

crd; www.agri.com.mm