Skip to main content
x

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရာသီဥတုပြောင်းလဲမှု နှင့် နည်းပညာရပ် ဆိုင်ရာ ဆန်းသစ်တီထွင်မှု ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကျင်းပ

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရာသီဥတုပြောင်းလဲမှု နှင့် နည်းပညာရပ် ဆိုင်ရာ ဆန်းသစ်တီထွင်မှု ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို ဇွန်လ(၂၃)ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ရေဆင်း ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပ ပြုလုပ် ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ ၊ စာတမ်းရှင်များ နှင့် လေ့လာသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များရှိ တက္ကသိုလ်များ၊ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ သုတေသန ခြံများမှ တာဝန်ရှိသူများ က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ကြသည်။

     စိုက်ပျိုးရေးသုတေသနဦးစီးဌာန က တတိယအကြိမ်ကျင်းပခြင်းဖြစ်သည့် အဆိုပါ စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကား ပြောကြားရာ၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က မြန်မာ့စိုက်ပျိုးရေးကဏ္ဍကို အားလုံး ပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် ရေရှည် တည်တံ့သော လယ်ယာထုတ်လုပ်မှု စနစ် ထွန်းကားလာစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အဟာရပြည့်ဝလာစေပြီး ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူ ဖြစ်စေရန် ရည်မှန်း ဆောင်ရွက်နေမှု အပေါ် လက်တွေ့အကောင်အထည်ဖော်နိုင်ရေး အတွက် သမားရိုးကျ စိုက်ပျိုးထုတ်လုပ်မှု မှ သုတေသနရလဒ်များကို အခြေခံသည့် ခေတ်မီဆန်းသစ်သော နည်းပညာများ အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်လျက်ရှိကြောင်း၊ သက်ရောက်လျက် ရှိနေသည့် ရာသီဥတု နှင့် လိုက်လျောညီထွေစွာ ပြောင်းလဲ လုပ်ကိုင်နိုင်မည့် နည်းပညာများ လိုအပ်နေသကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ မှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများ စွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်မည့် နည်းပညာများ လည်း ဖော်ထုတ် ပေးရန်လိုကြောင်း၊ သုတေသနပညာရှင်များအနေဖြင့် မိမိတို့လေ့လာဆောင်ရွက်နေသော လယ်ယာကဏ္ဍ ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့်အတူ ခေတ်မီ ဒီဂျစ်တယ် နည်းပညာများ၊ အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာရပ်များကိုလည်း မျက်ခြေမပြတ်လေ့လာဆည်းပူးပြီး လယ်ယာ ကဏ္ဍ အဆင့်-၄ (Agriculture 4.0) သို့ ရောက်ရှိစေရေးအတွက် မိမိတို့၏ လက်ရှိစွမ်းအားဖြင့် လုပ်ဆောင်နိုင်သည့် ပမာဏမှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်း ပါကြောင်း ဖြင့် ပြောကြားသည်။

     ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း က တတိယအကြိမ် သုတေသန စာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် ခမ်းမအတွင်းခင်းကျင်းပြသထားသည့် သုတေသနဖော်ထုတ်ချက် ပိုစတာများ၊ စာအုပ် စာစောင်များကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာပညာရှင်များက ရှင်းလင်း တင်ပြကြသည်။

     ယခုကျင်းပသည့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရာသီဥတုပြောင်းလဲမှု နှင့် နည်းပညာရပ် ဆိုင်ရာ ဆန်းသစ်တီထွင်မှု ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ ကို ဇွန်လ ၂၃ရက်နေ့ မှ ၂၄ ရက်နေ့အထိ (၂)ရက်ကြာ ဖတ်ကြားတင်ပြကြမည်ဖြစ်ပြီး စိုက်ပျိုးရေးသု တေသနဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပင်လုံတက္ကသိုလ် တို့မှ စာတမ်းရှင်များက စာတမ်း အစောင်ရေ (၈၃)စောင် နှင့် ပိုစတာ (၁၃)စောင် ကို ဖတ်ကြားတင်ပြကြမည်ဖြစ်ကာ စာတမ်းဖတ်ပွဲသို့ တက်ရောက်လျက်ရှိကြသည့် သုတေသန နယ်ပယ်အသီးသီး မှ ပညာရှင်များ၊ လေ့လာသူများ က ရှု့ထောင့် ပေါင်းစုံ မှ သုံးသပ်မှုများ၊ မေးမြန်းအဖြေရှာမှုများဖြင့် အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။