Skip to main content
x

စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံအားပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည်  ဇွန်လ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိ မြို့နယ်ရှိ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ၏ စာသင်နှစ် အလိုက် သင်ကြားသင်ယူနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

     တက္ကသိုလ်အသီးသီးရှိ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာ၌ လက်ရှိ သင်ကြား သင်ယူမှုများကို နည်းပညာ အသိပညာ တိုးတက်ရေးအတွက် လေ့လာမှုအဖြစ်ခံယူပြီး မိမိတို့တစ်ဦးချင်းစီ၏ အရည်အသွေး တောက်ပ စေရေးအတွက် စဉ်ဆက်မပြတ်လေ့လာမှုနှင့် အတွေ့အကြုံကောင်းများရရှိရေးကို မိမိတို့ကိုယ်တိုင်ကလည်း ကြိုးစား အားထုတ် ကြရန် လိုအပ်မှာဖြစ်ကြောင်း၊ အချိန်နှင့်အမျှ တိုးတက်နေသည့် နည်းပညာများကို ကျောင်းသား ကျောင်းသူများ လေ့လာနိုင်ကြစေရေး အတွက် ကျောင်းပရဝုဏ်အတွင်း ဝိုင်ဖိုင်များထုတ်လွှင့်ပေးထားပြီး စာကြည့်တိုက်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရေး စီမံဆောင်ရွက် ထားရှိမှု အပေါ် အကျိုးရှိစွာ အသုံးပြုပြီး လေ့လာ ကြိုးစားကြစေလိုကြောင်း၊ အလားတူ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေး နှင့် ကျောင်းသား ကျောင်းသူများအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိတို့တက္ကသိုလ်နယ်မြေကို စံပြလူမှုဝန်းကျင်ကောင်း အဖြစ် ဖော်ဆောင်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြား သည်။

     ဆက်လက်၍ ဒုတိယဝန်ကြီး က ဆရာ ဆရာမများ ကျောင်းသူကျောင်းသားတွက်   တက္ကသိုလ်တစ်ကျောင်းလျင် ငါးပိဿာချိန်(၂၀)နှင့် ကြက်ဥ အလုံး (၂၀၀၀) တို့ကို ပေးအပ်သည်။

     ထို့နောက် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာ နှင့် စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသတင်းရရှိသည်။