Skip to main content
x

စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ်စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေး နှင့် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီး မြှုပ်နှံမှု တိုးတက်ရေးကြိုးပမ်း

စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး နှင့် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး အတွက် အစိုးရဌာနဆိုင်ရာများဘက်မှ ကူညီ ဆောင်ရွက်ပေးနေမှု နှင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇွန်လ(၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် သာကေတ စက်မှုဇုန်နှင့် သီလဝါစက်မှုဇုန်များရှိ ပုဂ္ဂလိက စက်ရုံများ  သို့သွားရောက်ခဲ့ကြသည်။

     ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် သာကေတ စက်မှုဇုန် ရှိ ပုဂ္ဂလိက စက်မှုကုမ္ပဏီ၏ ငါး ၊ ပုစွန် အေးခဲပြုပြင် ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က ငါး ၊ ပုစွန်များကို ပြည်ပ သို့ တင်ပို့ခြင်းထက် ငါးအသားလွှာ ကဲ့သို့သော တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်ပါက လုပ်ငန်းရှင်များ အတွက် အကျိုးအမြတ် ပိုမို ရရှိနိုင်မှု နှင့် ဒေသနေ ပြည်သူများ အတွက် အလုပ်အကိုင်ဖန်တီးပေး နိုင်မှုအခြေအနေများ၊ သဘာဝ ရေချို ရေငန် မှ ဖမ်းဆီးရရှိလာသည့် ငါး ၊ ပုစွန်များအပြင် ရေရှည်တွင် မွေးမြူရေး ငါး ၊ ပုစွန်များ ထုတ်လုပ်တင်ပို့ရေးကို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် သီလဝါဆိပ်ကမ်းဖွံ့ဖြိုးရေးဇုန် ရှိ လယ်ယာထွက်ကုန်အခြေခံသော စက်မှုလုပ်ငန်း အဖြစ် ဆန်စက် ၊ ဖွဲနုဆီစက် နှင့် စပါးခွံ အသုံးပြု လျှပ်စစ်မီးထုတ်ယူပြီး လုပ်ငန်းခွင်အတွင်း အသုံးပြုနေမှုများ ကိုလည်းကောင်း၊ ဂျုံသီးနှံထွက် စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ အဆင့်မြင့်ဆီစက် နှင့် ဆီသန့်စက်ရုံများ၊ ကုန်ပစ္စည်း ထုပ်ပိုးစက်ရုံများကို ကြည့်ရှု စစ်ဆေး အားပေးပြီး ပြည်ထောင်စုဝန်ကြီး  က အဆင့်မြင့်ဆီစက်များ မှ ထွက်ရှိလာသည့် ဆီကြိတ်ဖတ်များမှာ တိရစ္ဆာန်အစားအစာ အတွက် အပြည့်အဝ အသုံးချ နိုင်သဖြင့် စားသုံးဆီကို ဘေးထွက် ပစ္စည်းသဖွယ်ထုတ်လုပ်နိုင်မှု အခြေအနေများ၊ ပြည်တွင်း ဆီလုပ်ငန်း ကဏ္ဍ အတွက် လိုအပ်နေသည့် အသေးစား အလတ်စား ဆီသန့်စက်ရုံများ ပေါ်ပေါက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက် များ၊ လုပ်ငန်းရှင်များ လိုအပ်သည့် ပမာဏ နှင့် သီးနှံအရည်အသွေး အပြည့်အဝရရှိစေရန် လုပ်ငန်းရှင်များနှင့် တောင်သူများအကြား အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် တိုးချဲ့ ဆောင်ရွက်ရန် ကိစ္စရပ်များကို တာဝန်ရှိသူများ အား ဆွေးနွေးမှာကြားသည်။

     အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါစက်မှုဇုန်အတွင်းရှိ စိုက်ပျိုးရေး သွင်းအားစု ကွန်ပေါင်းဓါတ်မြေဩဇာ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များတွေ့ဆုံ၍ သီးနှံအပင်၏ လိုအပ်ချက် ပေါ်မူတည်၍ ဓါတ်မြေဩဇာ အချိုးအစား အမျိုးမျိုး ထုတ်လုပ်နေမှုအခြေအနေများ၊ ပြည်တွင်းစိုက်ပျိုးရေး သွင်းအားစု လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရေး နှင့် ပြည်ပမှ တင်သွင်းရမည့် ဓါတ်မြေဩဇာ ကုန်ကြမ်း အသုံးပြုနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။