Skip to main content
x

ဧရာဝတီတိုင်းဒေသကြီး ၏ မိုးရာသီ ရေဘေး ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး တွင် နှစ်စဉ် ဇူလိုင်လ မှ နိုဝင်ဘာလ အထိ ကာလများ အတွင်း မြစ်ရေကြီးမှုဖြစ်ပေါ်လေ့ရှိသဖြင့် မြစ်ရေကြီးမှုကို ကာကွယ်ထားသည့် တာတမံများ ကြံ့ခိုင်ရေး နှင့် လိုအပ်သော ကွင်းဆင်းလေ့လာမှုများ၊ ပြုပြင်မွမ်းမံမှုများ ကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန က တာဝန်ဆောင်ရွက်လျက်ရှိသကဲ့သို့ သဘာဝဘေး ကြိုတင်ကာကွယ်ရေး နှင့် ကြုံတွေ့လာပါ က အရေးပေါ်အခြေအနေ သတ်မှတ်ချက် အဆင့် အလိုက် ဒေသခံများတိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အကြိုဇာတ်တိုက် လေ့ကျင့် ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ကျေးရွာအလိုက် ရေကင်းစခန်းများအလိုက် ဆောင်ရွက် ကြရန် လိုအပ် ကြောင်း ဇွန်လ(၂၅) ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ၏ မိုးရာသီ ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

     ပြည်ထောင်စုဝန်ကြီး သည် ညောင်တုန်းမြို့နယ် မိုးမခကျေးရွာအနီးရှိ ပန်းလှိုင် ရေထိန်းတံခါး စီမံကိန်းရှင်းလင်းဆောင်၌ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အတူ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အား တွေ့ဆုံ၍ မိုးရာသီ ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး အတွက် ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး ၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု တိုးတက်ရေး အတွက် မျိုး၊ သွင်းအားစုနှင့် နည်းပညာဖြန့်ဝေခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြုပ်နှံမှု တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။

     ဧရာဝတီတိုင်းဒေသကြီးရှိ ရေလှောင်တမံ(၆)ခု၊ တာတမံ(၆၄)ခု၊ ရေတံခါး(၂၀၉)လုံး တို့ကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံ ခန့်ခွဲရေး ဦးစီးဌာန က  တာဝန်ယူ ထိန်းသိမ်း ထားရှိရာ ၎င်းတို့အနက် မြစ်ရေကြီးမှုကို ကာကွယ်ထားသည့် အရေးကြီးတာတမံ (၈)ခု၏ အလျားမိုင် (၄၀၀)ကျော်မှာ ဧက(၁၀)သိန်းကျော်အတွင်းရှိ စိုက်ပျိုးမြေ၊ လူနေအိမ်ခြေနှင့် အခြေခံ အဆောက်အအုံများကို ကာကွယ် ထားရှိပြီး ရေငန်တားတာ(၁၅)ခု၊ ကျွန်းပတ်တာ (၂၂)ခု နှင့် အခြားတာငယ် (၁၉)ခုတို့ဖြင့် စိုက်ပျိုးမြေများ ရေငန်ဝင်ရောက်မှု နှင့် ရေကြီး နစ်မြုပ်မှုတို့မှ ကာကွယ်ထားလျက်ရှိကြောင်း သိရသည်။

     ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မအူပင် မြို့နယ် ရှိ ပုဂ္ဂလိက စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ငါး၊ ပုစွန်အခြေခံ အသင့်စား တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးပြီး၊ ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းသုံးမြေယာများကို ဥပဒေနှင့် အညီ အသုံးပြုနိုင်ရေး၊ ပြည်ပ ပို့ကုန်များ အတွက် ဈေးကွက်၏ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် အညီဖြစ်စေရေး၊ ငါးမွေးမြူထုတ်လုပ်ခြင်းမှ ဘေးထွက်ပစ္စည်းများကို စိုက်ပျိုးရေး လုပ်ငန်းသုံး ငါးအမိုင်နိုထုတ်လုပ်ခြင်းကို နည်းပညာအသုံးပြု၍ စီးပွားဖြစ် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ချက်များအား လုပ်ငန်းရှင်များနှင့် ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ဝါးတောကျေးရွာ မိုးစပါးစိုက်ကွင်း တွင် ထွန်စက်ကြီးများဖြင့် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာ ထည့်သွင်းနေမှုကို ဒေသခံ တောင်သူများ နှင့်အတူ ကြည့်ရှုအားပေးကာ တောင်သူများ၏ လုပ်ငန်းခွင်အခြေအနေများ၊ စိုက်ပျိုးထုတ်လုပ်မှု နှင့် သီးနှံအလိုက် အကျိုးအမြတ်ရရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြ သည်။

     ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်း သိပ္ပံ(တွံတေး)သို့ ရောက်ရှိကြရာ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ရေသတ္တဝါ မွေးမြူရေးဆိုင်ရာ ဒီပလိုမာ ပေးအပ်မည့် ငါးလုပ်ငန်းသိပ္ပံ (၃)နှစ် သင်တန်း ဖွင့်လှစ်ရန် အကြိုပြင်ဆင်ရေး လုပ်ငန်း  ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

     တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ ငါးလုပ်ငန်း သိပ္ပံ(တွံတေး)မှာ ငါး ပုစွန် အများဆုံး မွေးမြူ ထုတ်လုပ်ရာ ရန်ကုန် နှင့် ဧရာဝတီ တိုင်းဒေသကြီး နှစ်ခုအကြားတွင် တည်ရှိနေသည့်အတွက် သတ်မှတ်အရည်အချင်း ပြည့်မီသည့် ဒေသနေလူငယ်များ အနေဖြင့် ရေသတ္တဝါ မွေးမြူရေးဆိုင်ရာ ပညာရပ်များကို အသက်မွေး ဝမ်းကျောင်းပညာရပ်တစ်ခုအဖြစ် လေ့လာ သင်ယူ နိုင်ကြရန် နှင့် ရေသတ္တဝါ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိနေသော အလယ်အလတ်အဆင့် ပညာရှင်များ မွေးထုတ် ပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒီပလိုမာ(၃)နှစ် သင်တန်းဖွင့်လှစ်ရန် စီမံ ဆောင်ရွက်နေသော်လည်း နောင်တွင် ကောလိပ်အဆင့်အထိ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး မျှော်မှန်း ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။

     ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရေချိုငါးမွေးမြူထုတ်လုပ်မှု အနေဖြင့် ရန်ကုန် တိုင်းဒေသကြီး က ငါးပိဿာချိန် (၂၂၉)သန်းကျော်၊ ဧရာဝတီတိုင်းဒေသကြီး က ငါးပိဿာချိန် (၃၃၂)သန်းကျော်၊ ထုတ်လုပ်ခဲ့ပြီး အလေအလွင့်နှင့် တိရစ္ဆာန်အစာ အဖြစ် အသုံးချနိုင်မှု(၃၀%)၊ ပြည်ပတင်ပို့မှု(၁၀%) ရှိပြီး (၆၀%)မှာ ပြည်တွင်း စားသုံးမှုအတွက် ဈေးကွက်အတွင်း ပြန့်နှံ့ ရောက်ရှိခဲ့ကြောင်း သိရသည်။