Skip to main content
x

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏(၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နိုင်ငံတော် ၏ စားနပ်ရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးမြေများ မလျှော့ပါးစေရေးကို မြေယာဆိုင်ရာ မူဝါဒများ၊ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းကျောင်းကြပ်မတ်ရန် လိုကြောင်း၊ တဘက်တွင်လည်း စိုက်ပျိုးမြေတိုးချဲ့ခြင်းထက် အထွက်နှုန်း တိုးတက်စေရန် နည်းပညာ အပါအဝင် လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများက ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း ဩဂုတ်လ (၂၉)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ (၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်နှင့် အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ရသည့် စီမံကိန်း လုပ်ငန်းများတွင် မဖြစ်မနေ အသုံးပြုခဲ့ရသော မြေများနှင့် ပတ်သက်၍ မြေယာပိုင်ရှင် တောင်သူ လယ်သမားများအား သီးနှံနှင့်မြေယာ လျော်ကြေး၊ နစ်နာကြေးများ ထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေအရ ပေးအပ်သော ရပိုင်ခွင့်များ နှောင့်နှေးမှုမရှိဘဲ ခံစားရရှိစေရန် လျင်မြန်စွာ ဆောင်ရွက် ပေးနိုင်ရေး စီမံဆောင်ရွက်ကြရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စများ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်း လုပ်ငန်းများ ကြန့်ကြာမှု မရှိစေပဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အလားတူ လယ်မြေကို အခြားနည်း အသုံးပြုခွင့် တင်ပြလာပါက အောက်ခြေသို့ ဆင်း၍ သေချာစွာစိစစ်ရန် ညွှန်ကြားချက်များအား နေပြည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်က အလေးထား လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စားနပ်ရိက္ခ ဖူလုံမှုရှိစေရန် လယ်ယာ ကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး အပြင် သား၊ ငါးကဏ္ဍထုတ်လုပ်မှု တိုးတက်ရေးကိုလည်း တွန်းအားပေး ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများအတွက် ခွင့်ပြုရမည့် ကိစ္စရပ်များ၌ ဒေသအသီးသီး၏ ထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးသာမက ထွက်ရှိလာသည့် ထုတ်ကုန်များကို စနစ်တကျ သိုလှောင်၊  ကြိတ်ခွဲနိုင်ရန်လိုအပ်ကြောင်း၊ ဆန်စပါး၊ ပဲမျိုးစုံ၊ သားငါး ထွက်ကုန်များကို ပြည်ပဈေးကွက်သို့ ကုန်ကြမ်းအဖြစ် တင်ပို့နေရသည့် အခြေအနေ မှ တန်ဖိုးမြှင့် ထုတ်ကုန်များ Value Added Products ထုတ်လုပ်နိုင်မည့် ခေတ်မီစက်ရုံ၊ အလုပ်ရုံများ တိုးပွား တည်ဆောက် နိုင်ရေးအတွက် ကိုလည်း စနစ်တကျ မြေအသုံးချခွင့် ရရှိရေးများကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ကူညီပံ့ပိုး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏(၇)ကြိမ်မြောက်အစည်းအဝေး

အစည်းအဝေးသို့ ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြပြီး အတွင်းရေးမှူး ညွှန်ကြားရေး မှူးချုပ် ဦးသက်နိုင်ဦး က (၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဆွေးနွေး ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက်လာ ကြသူများ က လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။