Skip to main content
x

စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ ကုန်ထုတ်လုပ်မှု တိုးတက်ရေး နှင့် ပို့ကုန်တိုးမြှင့်ရေး ကြိုးပမ်း

မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ခေတ်မီနည်းပညာများ နှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြု နိုင်ရေး၊ တိရစ္ဆာန်အစာ စိုက်ပျိုးထုတ်လုပ်ပြီး  သမရိုးကျ လွှတ်ကျောင်းခြင်းမှ ခြံလှောင်မွေးမြူမှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လာရေး အပါအဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်မှု တန်ဘိုး ကွင်းဆက် တစ်ခုလုံး ဖွံ့ဖြိုး တိုးတက်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သြဂုတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန  တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ) ၏ မျိုးသန့် နွား နှင့် သိုးငယ်များ ပြုစု ပျိုးထောင်ခြင်း၊ မျိုးရည်ခဲချောင်း ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း နိုက်ထရိုဂျင်ဓာတ်ငွေ့ရည် ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း နွားမေထုန်မဲ့ သားစပ်ကျွမ်းကျင်သူ သင်တန်းများဖွင့်လှစ်ခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ကြ သည်။

စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးခရီးစဉ်

အလားတူ ပေါင်းငူ ပျားလုပ်ငန်းဌာန ၏ မွေးမြူရေးပျားရည်ဖြစ်ကြောင်း ထောက်ခံချက်ပေးခြင်း၊ အမျိုးသားဓာတ်ကြွင်းအဆင့် စောင့်ကြည့်ရေး အစီအစဉ် (NRMP) အတွက် နမူနာပျားရည်များ ကောက်ယူခြင်း၊ ဓာတ်ခွဲစမ်းသပ်ရန် ပေးပို့ခြင်း၊  မျိုးကောင်းမျိုးသန့် ပျားဘုရင်မများအား သဘာဝနည်းဖြင့်မွေးမြူခြင်းနှင့် မေထုန်မဲ့ သားစပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ပုဂ္ဂလိက လုပ်ငန်းများ နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ချက်များ ၊ စားသုံသူများ အတွက် အထောက်အကူဖြစ်စေမည့် တိုင်းရင်းဆေးဝါးများကို အဓိကထားထုတ်လုပ်ရန် လိုအပ်ချက်များ ၊ တစ်နိုင်တစ်ပိုင်ပျားမွေးမြူသူများ စီးပွားဖြစ်တိုးချဲ့ မွေးမြူနိုင်ရေး အားပေးကူညီဆောင်ရွက်ပေးရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် အပင်ဇီဝ နည်းပညာဗဟိုဌာန ၏ အခြေခံဇီဝနည်းပညာ အသုံးပြု၍ အပင်တစ်သျှူး မွေးမြူခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ၊ သီးနှံ၏မျိုးဗီဇကို DNA နည်းပညာဖြင့် မှတ်တမ်း တင်ခြင်း၊ သီးနှံမျိုးများ အဆင့်မြှင့်တင်ခြင်းနှင့် မျိုးသစ်ထုတ်လုပ်ခြင်း၊ ခေတ်မီ ဇီဝနည်းပညာ အသုံးပြုခြင်း၊ ပညာရှင်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း စသည့် လုပ်ငန်း ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးသည်။

စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးခရီးစဉ်

အပင်ဇီဝ နည်းပညာဗဟိုဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဇီဝနည်းပညာ (Biotechnology) ထိရောက်စွာ အသုံးပြုဆောင်ရွက်ရန် နှင့် အပင်ဇီဝ နည်းပညာဗဟိုဌာန ကို အမျိုးသား အဆင့် အပင်ဇီဝနည်းပညာဌာန အဖြစ် တက်လှမ်းနိုင်ရေး အားထုတ်ကြိုးပမ်းကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် နို့စားနွား မွေးမြူရေးသုတေသနနှင့် သရုပ်ပြခြံ သို့ရောက်ရှိ ကြပြီး တိရစ္ဆာန်အစာပင်အမျိုးမျိုး စိုက်ပျိုးထားရှိမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။