Skip to main content
x

လယ်ယာကဏ္ဍဖွံ့ဖြိုးရေး သာမက လယ်ယာကဏ္ဍ ပြောင်းလဲတိုးတက်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် ပညာရေးဆိုင်ရာ ရင်းနှီး မြုပ်နှံမှုများကို တိုးမြှင့်ပြီး နိုင်ငံဖွံ့ဖြိုးရေးအား ရေရှည် အကျိုးပြုနိုင်မည့် လူသားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်များ အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး သာမက  လယ်ယာကဏ္ဍ ပြောင်းလဲတိုးတက်ရေးကိုပါ ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်၍ ပညာရပ်အသီးသီး တွင် ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကိုလည်း စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ် စုဝေးခန်းမဆောင်၌ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်များ မှ မဟာသိပ္ပံ နှင့် ပါရဂူသင်တန်းတက်ရောက်နေကြသည့် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်များ မှ မဟာသိပ္ပံ နှင့် ပါရဂူ သင်တန်းတက်ရောက်နေကြသည့် သင်တန်းသား သင်တန်းသူ (၄၈)ဦးတို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်များ အနေဖြင့် အထူးပြုဘာသာရပ် အလိုက် ထူးချွန်သူများမွေးထုတ်ပေးရာတွင် သီးနှံတစ်ခုချင်း အလိုက် ၊ နည်းပညာရပ် တစ်ခုချင်းအလိုက် ထူးချွန်သူများပေါ်ထွန်းလာရေး အတွက် စူးစူးစိုက်စိုက် ကြိုးပမ်း ကြရန် လိုကြောင်း၊ သုတေသနပြုလေ့လာတွေ့ရှိချက်များအပေါ် ဆွေးနွေး သုံးသပ်နိုင်ရန် နည်းပညာ ရပ် ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲများ၊ ဟောပြောပွဲများကို ဘာသာရပ် အလိုက် ကျင်းပပြီး လွတ်လွတ် လပ်လပ် အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်သည့်  အစီအစဉ်များ ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့(Myanmar Academy of Agriculture , Livestock and Fisheries) ပြန်လည်ဖွဲ့စည်းပြီး စိုက်ပျိုးမွေးမြူရေး ဆိုင်ရာသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းနှင့် အဆိုပါအဖွဲ့၏ ဦးဆောင်မှုဖြင့် သုတေသန ညီလာခံများ၊  စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ စာအုပ်စာစောင်များ ထုတ်ဝေခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မဟာသိပ္ပံ နှင့် ပါရဂူ သင်တန်းသား များ၏ လေ့လာတွေ့ရှိချက် စာတမ်းများ တင်သွင်းနိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ဘွဲ့ရရုံမျှ လေ့လာသင်ယူခြင်းမဟုတ်ပဲ အမှန်တကယ် အတွေ့အကြုံကောင်းရှိသော အရည်အသွေးပြည့်ဝသူများအဖြစ် ပေါ်ထွန်းလာစေရန် မျှော်မှန်း ဆောင်ရွက်ခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း၊ ဖွံ့ဖြိုးပြီးသော နိုင်ငံများတွင် Industrial Revolution 4.0 ကို ကျင့်သုံးနေကြပြီ ဖြစ်သကဲ့သို့ စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံများ အနေဖြင့်လည်း ပိုမိုထိရောက်သော ခေတ်မီထုတ်လုပ်မှု လုပ်ငန်းစဉ်များပါဝင်သည့် Agricultural 4.0 ကို ပြောင်းလဲကျင့်သုံး နေကြပြီ ဖြစ်ရာ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ပြောင်းလဲတိုးတက်ရေး လုပ်ငန်း စဉ်များတွင် ကျရာအခန်းကဏ္ဍက ထူးချွန် ပြောင်မြောက်စွာ ပါဝင်စွမ်းဆောင်နိုင်ရေး ကြိုးပမ်းကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်များ မှ မဟာသိပ္ပံ နှင့် ပါရဂူသင်တန်းတက်ရောက် နေကြသည့် သင်တန်းသား သင်တန်းသူများ နှင့်အတူ ကော်ဖီနှင့်မုန့်များ  သုံးဆောင် ကြပြီး သင်ကြားမှုနှင့် သင်ယူမှုဆိုင်ရာကိစ္စရပ်များ ရင်းနှီးစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။