Skip to main content
x

ငါးသလောက်ငါးများ သားပေါက်ရာသီချိန်တွင် ငါးဖမ်းဆီးခြင်းမပြုလုပ်ကြရန် ပညာပေးနှိုးဆော်ချက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မိုးနှောင်းရာသီ စက်တင်ဘာလ၊ အောက်တိုဘာလ ၊ နိုဝင်ဘာလများတွင် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဥများဖြင့် ပြည့်ဝနေသော ငါးသလောက်ကြီးများသည် ဥချသားပေါက်ရန်အတွက် ဧရာဝတီမြစ်လက်တက်အတွင်းရှိ ရေချို ရေငန်စပ်နှင့် ရေချိုမြစ်ချောင်းများအတွင်းသို့ စတင်ဝင်ရောက်လာပြီ ဖြစ်ပါသဖြင့် တိုင်းဒေသကြီး အတွင်း ရပ်ကွက်၊ ကျေးရွာများမှ ရေလုပ်သားများ၊ ငါးဒိုင်များနှင့် အများပြည်သူများ သိရှိစေရန် ပညာပေးနှိုးဆော်ထားကြောင်း သိရသည်။

          အဆိုပါ ငါးသလောက်ငါးမျိုးသည် ဆယ်လမွန်ငါးကဲ့သို့ ပင်လယ်တွင်နေထိုင်ပြီး သားပေါက် ရန် အတွက် ရေချိုဒေသသို့ပြန်လာသည့် (Anadromous) ငါးမျိုးစိတ်ဖြစ်သည်။ ငါးသလောက်သည် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း(၁၁)နိုင်ငံတွင်သာ တွေ့ရှိရပြီး အဓိကဖမ်းဆီးရသည်မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံစသည့် နိုင်ငံ(၃)နိုင်ငံတွင်သာ အများဆုံးဖမ်းဆီးရမိကြောင်းသိရသည်။

          ငါးလုပ်ငန်းဦးစီးဌာနက ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၁၁-၁-၂၀၂၂) ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးသလောက်သားပေါက် သည့်နေရာ (၁၁)ခုအား တစ်နှစ်ပတ်လုံးငါးဖမ်းဆီးခြင်းမပြုရန် ဘေးမဲ့ဧရိယာအဖြစ်သတ်မှတ်ရန် ဥဆောင်ငါးသလောက်များ ရွှေ့ပြောင်းသွားလာရာလမ်းကြောင်းအား ရာသီအလိုက်ပိတ်ပင်ရန် အတွက် တိုးမြစ်ကြောင်း၊ ဘိုကလေးမြစ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနှင့် ရွေးမြစ်ကြောင်းတို့ အား ရာသီအလိုက် ငါးဖမ်းဆီး ခြင်းမပြုလုပ်ရန် သတ်မှတ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၂-၃-၂၀၂၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၂) ဖြင့် ငါးသလောက်သားပေါက်များ ရှင်သန်ကြီးထွားစေရန် ဧရိယာ(၁၁)နေရာအား ဘေးမဲ့ ဇုံအဖြစ် သတ်မှတ်ပြီး မည်သည့်ငါးမျိုးမှ ဖမ်းဆီးခြင်းမပြုရန် တားဖြစ်ထားပါသည်။ တားမြစ်ဧရိယာ (၁၁)ဇုံမှာ မအူပင်မြို့နယ် ပန်းလှိုင်ချောင်းဝဘေးမဲ့ဇုံ၊ ငါးဖယ်အိုသောင်ဘေးမဲ့ဇုံ၊ တလုပ်လှအရှေ့ သောင်၊ ပန်းတနော်မြို့နယ် အထက်ကဇင်းတောသောင်၊ ညောင်တုန်းမြို့နယ် ဝဲကြီးသောင်၊ ဓနုဖြူ မြို့နယ် ဇကာကြီးသောင်၊ ဇလွန်မြို့နယ်နန်းတော်ကျွန်းသောင်၊ ဟင်္သာတမြို့နယ် ဖောင်ဆိပ်သောင် အင်္ဂပူမြို့နယ် ပြည်သိန်းတန်သောင်၊ ငါးသိုင်းချောင်းမြို့နယ်၊ လှေတင်​သောင်၊ သာပေါင်းမြို့နယ် ကြာကန်သောင်ဘေးမဲ့ဇုံ (၁၁)ခု သတ်မှတ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၂-၃-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၂) ဖြင့် တိုးမြစ်ကြောင်း၊ ဘိုကလေး-ရာဇူတိုင်မြစ်-ဧရာဝတီမြစ်ကြောင်း၊ ရွေးမြစ်ကြောင်းနှင့် ပြန်မလော့မြစ်ကြောင်း (၄)ခုကို ငါးသလောက်ငါးမျိုးထိန်းသိမ်းရေးဧရိယာအဖြစ် သတ်မှတ်ပြီး ငါးသလောက်များ ဥချသားပေါက်ရန် ရေချိုသို့တက်ရောက်လာသည့် နှစ်စဉ် စက်တင်ဘာလ(၁၅) ရက်နေ့မှ အောက်တိုဘာလ (၁၅)ရက်နေ့အထိ ငါးသလောက်ဖမ်းဆီးခြင်း မပြုရန် ပိတ်ပင်တားမြစ် ထားပါကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ပင်လယ်ပြင်မှ ဥချသားပေါက်ရန် တက်ရောက်လာသော ငါးသလောက်ငါးမျိုး များကို တားမြစ်ထားသောမြစ်ကြောင်း(၄)ကြောင်းတွင် စက်တင်ဘာလ(၁၅)ရက်နေ့မှ အောက် တိုဘာလ(၁၅)ရက်နေ့အတွင်း ဖမ်းဆီးခြင်းမပြုဘဲ ဘေးမဲ့ပေးကြပါရန် အသိပေးနှိုူးဆော်ပါသည်။ ထို့အပြင် ပေါက်ပွားလာသော ငါးသလောက်သားပေါက်များ ဆက်လက်ရှင်သန်ကြီးထွားနိုင်ရေး အတွက် တားမြစ်ထားသော ဘေးမဲ့ဧရိယာ(၁၁)နေရာတွင်လည်း မည်သည့်ငါးမျိုးမှ ဖမ်းဆီးခြင်း မပြုလုပ်ကြရန် နှိုးဆော်ထားပါကြောင်းနှင့် ၂၀၁၈ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးရေချိုငါးလုပ်ငန်း ဥပဒေပုဒ်မ(၄၇)အရ တားမြစ်ထားသော ငါးဖမ်းနည်း၊ ငါးဖမ်းကိရိယာဖြင့် ငါးဖမ်းခြင်း၊ တားမြစ် ထားသော ငါးမျိုး ငါးအရွယ်အစားကို ဖမ်းခြင်း၊ တားမြစ်ထားသောအချိန်ကာလနှင့် နေရာဒေသတွင် ငါးဖမ်းခြင်းမပြုလုပ်ရန် တားဖြစ် ထားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ယင်းဥပဒေ ပုဒ်မ (၆၂) အရ ထောင်ဒဏ် (၂)နှစ်ထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၂၀၀၀၀ဝိ/-ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်ကို ဖော်ပြပါရှိပါကြောင်း အများပြည်သူ သိရှိလိုက်နာကြစေရန် အသိပေးနှိုးဆော်ထား ပါကြောင်း သိရသည်။