Skip to main content
x

အောင်မြင်သည့် ဩဂဲနစ်သုတေသန ဗဟိုဌာန ဖြစ်လာစေရေး အတွက် တောင်သူများ ဆက်စပ်လုပ်ငန်းများနှင့် ပူးပေါင်းကြိုးပမ်းကြစေလို

   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ (၅)ရက် ညနေပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဩဂဲနစ်သုတေသန ဗဟိုဌာန ၏ သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က  ဩဂဲနစ်သုတေသနဗဟိုဌာန ၏ ရည်ရွယ်ချက်များ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့် ဩဂဲနစ်သုတေသန လုပ်ငန်းများ အား ရှင်းလင်းတင်ပြသည်။

   ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က မိသားစု အိမ်ခြံဝန်းဥယျဉ် စိုက်ပျိုးခြင်းများပြန်လည်ထွန်းကားလာရေး ဆောင်ရွက်ရာတွင် ဩဂဲနစ်စနစ် ကျင့်သုံးမှုဖွံ့ဖြိုးလာရေးကိုပါ တစ်ပါတည်း ကြိုးပမ်းကြရမည်ဖြစ်၍ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာန တို့တွင် ဆောင်ရွက်လျက်ရှိသည့် Home Garden Project လုပ်ငန်းများ နှင့် ဩဂဲနစ်သုတေသနဗဟိုဌာန တို့ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေး လုပ်ငန်းသုံး မွေးမြူရေးဘေးထွက်ပစ္စည်းများ နှင့်ပတ်သက်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိုလည်း တောင်သူများ ဆက်စပ်လုပ်ငန်းများနှင့် ပူးပေါင်းပြီး အောင်မြင်သည့် ဩဂဲနစ်သုတေသနဗဟိုဌာန ဖြစ်လာစေရေး ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

     ထို့နောက် ဒုတိယဝန်ကြီး သည် သုတေသနဓါတ်ခွဲခန်းများ၊ ပြခန်းများနှင့် သုတေသန စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးပြီး အဟာပြည့်ဝ၍ အစားအစာ ဘေးကင်း လုံခြုံရေးအတွက် ရွေးချယ်သုံးစွဲမှုများ တိုးတက်လာမှု နှင့်အတူ ဩဂဲနစ်ထွက်ကုန်များ လိုအပ်ချက်မြင့်မားလာ လျက်ရှိသည့် အခြေအနေများ၊  မျိုးဆက်သစ် သုတေသနပညာရှင် လူသားအရင်း အမြစ်များ တိုးပွားလာရေးဆောင်ရွက်ရန် လိုအပ်ချက်များ ကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။