Skip to main content
x

“မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023) ဒုတိယနေ့ဆက်လက်ကျင်းပ

     (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကျင်းပသည့် “မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023) ကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင်  ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပရာ ပြပွဲတွင် လယ်ယာသုံးစက်ကိရိယာပြကွက်၊ စိုက်ပျိုးရေစီမံခန့်ခွဲမှုစနစ်ပြကွက်၊ နေကြာစိုက်ခင်းနှင့် ပျားမွေးမြူရေး လုပ်ငန်းပြကွက်များ နှင့်အတူ ပုဂ္ဂလိကမျိုးစေ့ ကုမ္ပဏီ (၁၂)ခု ၏ ပြခန်းများ ၊ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီ (၁၁)ခု တို့၏  ဆီထွက်သီးနှံများ၊ နှံစားသီးနှံများ ၊ ဟင်းသီးဟင်းရွက်စိုက်ကွင်း စိုက်ကွက်များဖြင့် ဝေဝေဆာဆာခင်းကျင်းပြသထားသည်။

    ယနေ့ပြပွဲသို့ မျိုးစေ့ထုတ်လုပ်သူ မျိုးစေ့တင်သွင်း ရောင်းချသူပုဂ္ဂလိကများ၊ မျိုးစေ့ သုံးစွဲသူ တောင်သူ လယ်သမားများ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ  ကျောင်းသား/ကျောင်းသူများ၊ မျိုးစေ့လုပ်ငန်းဆိုင်ရာ စိတ်ဝင်စားသူ ပြည်သူများ လာရောက် လေ့လာကြကြောင်းသိရသည်။

     ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ပြပွဲရှင်းလင်းဆောင်ခန်းမတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ၏ အရည်အသွေးနှင့် အထွက်နှုန်း မြင့်မားရေးအတွက် အဓိကလိုအပ်ချက် တစ်ခုဖြစ်သည့် အရည်အသွေးပြည့်မီသော မျိုးစေ့များကို တောင်သူများ အလွယ်တကူ သုံးစွဲနိုင်ရန်နှင့် မျိုးစေ့ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ပြပွဲများခင်းကျင်းပြသရာတွင် ပြပွဲကာလမှာ အကန့်အသတ်ရှိသဖြင့် ရေရှည်ဆောင်ရွက်ရမည့် မျိုးစေ့ထုတ်လုပ်ငန်းများ တိုးတက်ပြောင်းလဲ လာရေး အစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ စက်မှုလယ်ယာ ၊ ပျားမွေးမြူရေး ၊ စိုက်ပျိုးရေရရှိသုံးစွဲနိုင်ရေးစသည့် ဆက်စပ်လုပ်ငန်းများပါဝင်နေသဖြင့် ဌာနများအားလုံး တစ်ပြိုင်နက်တည်း ဟန်ချက်ညီ ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးစေ့ကဏ္ဍ ဗဟိုချက်မ အဖြစ် နေပြည်တော်မှစတင်၍ တိုင်းဒေသကြီး ပြည်နယ် အသီးသီးတွင် ဆောင်ရွက်နိုင်ရေး ၊ နေကြာမျိုး အသစ်များ မျိုးမွေးမြူထုတ်လုပ်သည်မှ မျိုးသန့်ပွားများ ခြင်း၊ မျိုးဖြန့်ခြင်းလုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍက အချိုးကျပါဝင် ဆောင်ရွက်ရေး၊ နည်းပညာရပ်ဆိုင်ရာ ရုပ်သံမှတ်တမ်းများ စနစ်တကျ ဆောင်ရွက်ထားရှိပြီး အများပြည်သူအတွက် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များ ဆွေးနွေး ပြောကြားသည်။

    မျိုးစေ့ကဏ္ဍတွင်ပါဝင်ပတ်သက်သည့် မျိုးစေ့ ထုတ်လုပ်သူ ၊ တင်သွင်းရောင်းချသူနှင့် သုံးစွဲသူများအကြား စီးပွားရေးဆိုင်ရာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်သူတောင်သူများ တွေ့ကြုံရသည့် သီးနှံမျိုးများ ဆိုင်ရာအရည်အသွေး အထွက်နှုန်းနှင့် ဈေးကွက် လိုအပ်ချက်ရှိမှုများ အပေါ် မျိုးစေ့ကုမ္ပဏီများက သုံးသပ်၍ အရည်အသွေးပိုမိုကောင်းမွန်သော မျိုးသစ်များ စိုက်ပျိုး ထုတ်လုပ်ပေးနိုင်ရေး၊ စိုက်ပျိုး ထုတ်လုပ်သူတောင်သူနှင့် လုပ်ငန်းရှင်များအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာရေးတို့ကို ရည်ရွယ်၍ ပဉ္စမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် “မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023) ကို ပျဉ်းမနား မြို့နယ် စိုက်ပျိုးရေးသိပ္ပံ ကျောင်းဝင်း ၌ ဖေဖော်ဝါရီလ (၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ ခင်းကျင်းပြသထား လျက်ရှိရာ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့ လွတ်လပ်စွာ လေ့လာနိုင်ကြကြောင်း သတင်းရရှိ သည်။