Skip to main content
x

လယ်သမားများပူးပေါင်းပါဝင်သော သုတေသနလုပ်ငန်းများနှင့် မျိုးမွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် မှန်ကန်သော စုဖွဲ့မှုပြုလုပ်ရန်လိုအပ်

နေပြည်တော် နိုဝင်ဘာ ၂၃

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော သက်လျင်အထွက်ကောင်း စပါးမျိုးလိုင်းများမျိုးရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ တဲကြီးကုန်းကျေးရွာ၌ ကျင်းပသည်။

အဆိုပါ မျိုးရွေးချယ်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်အားပေးရွေးချယ်ပြီး တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သက်ဆိုင်ရာဦးစီးဌာနများနှင့်အတူ တောင်သူများ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးကြောင်း၊ အပင်သက်တမ်းအလိုက် တန်ဖိုးရှိသည့် မျိုးလိုင်းများမှ သန့်စင်ရွေးထုတ်ခြင်းလုပ်ငန်းနှင့်အတူ မျိုးစေ့ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်ကို တောင်သူများကိုယ်တိုင် ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရန်လိုကြောင်း၊ သီးနှံများစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သကဲ့သို့ သီးနှံ မျိုးကောင်းမျိုးသန့် မျိုးစေ့များထုတ်လုပ်ခြင်းကိုလည်း တောင်သူများ စီးပွားဖြစ်ဆောင်ရွက်လာရန်လိုကြောင်း၊ သို့မှသာ ဒေသအလိုက် မျိုးကောင်းမျိုးသန့်လွှမ်းခြုံမှု အားကောင်းလာပြီး သီးနှံအရည်အသွေးနှင့် အထွက်နှုန်းမြင့်မားသော လယ်ယာအကျိုးစီးပွားကို တောင်သူအားလုံးရရှိ နိုင်ကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသီများ၊ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အဆင့်မြင့်သုတေသနဗဟိုဌာန ပါမောက္ခနှင့် ဆရာဆရာမများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး စပါးအပါအဝင်သီးနှံများ၏ အထွက်နှုန်းမြင့်မားစေရေးအတွက် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များပူးပေါင်းပါဝင်ရေးသည် ပဓာနကျကြောင်း၊ ရေရှည်တည်တံ့သော ပူးပေါင်းပါဝင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့တွင် လယ်သမားများပါဝင်သော သုတေသနလုပ်ငန်းများ(Farmer Participatory Research)၊ ပူးပေါင်းပါဝင်သော မျိုးမွေးမြူရေးလုပ်ငန်းများနှင့် မျိုးရွေးချယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် မှန်ကန်သောစုဖွဲ့မှုပြုလုပ်နိုင်ရေးကို ရှေ့လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။