Skip to main content
x

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မန္တလေးတိုင်းဒေသကြီး လယ်ယာကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များပံ့ပိုးကူညီ

နေပြည်တော် ဇန်နဝါရီ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စီပင်စိုက်ပျိုးရေးသုတေသနခြံ၏ သုတေသနနှင့် မျိုးစေ့ထုတ်လုပ်မှု ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆင်းရွှေကြာ-၂ နေကြာ မျိုးသန့် ရွေးချယ်ရေး လုပ်ငန်းများနှင့် ဂျုံသီးနှံ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး နည်းပညာနှင့် သုတေသန လိုအပ်ချက်များကို မှာကြားသည်။

ထို့နောက် စီပင်စိုက်ပျိုးရေးသုတေသနခြံအတွင်း ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည့်နေကြာ သုတေသန စိုက်ခင်းများ၊ စုဆောင်းရရှိထားပြီး ဂျုံမျိုးဗီဇကွဲများနှင့် သြစတြေးလျနိုင်ငံမှ တင်သွင်းသည့် ဂျုံမျိုးလေးမျိုးကို မြန်မာနိုင်ငံ၏ ရေမြေရာသီဥတု၌ အပင်ဖြစ်ထွန်းမှုကောင်းသော အရည်အသွေးကောင်း ဂျုံမျိုးရရှိစေရန် သုတေသနပြု စမ်းသပ် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သုတေသနနှင့်နည်းပညာ လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။

အလားတူ ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် ရွှေဒါးရှေ့တန်းစခန်းရှိ ဆင်းရွှေကြာ(၂) မျိုး ရွေးချယ်မြှင့်တင်ရေး မျိုးစေ့ထုတ်စိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒေသအတွင်း မျိုးစေ့ဖူလုံရန်အတွက် တောင်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင်သော မျိုးရွေးချယ်ရေးလုပ်ငန်းများ လုပ်ဆောင်ကြရန်လိုကြောင်း၊ အပွင့်အရွယ်အစား ခြောက်လက်မခွဲနှင့်အထက်၊ အပင်အမြင့်နှင့် သက်တမ်းကိုရွေးချယ်ပြီး လာမည့်ရာသီတွင် ဆက်လက်စိုက်ပျိုး၍ နှစ်စဉ်မျိုးရွေးချယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှသာ ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ကြောင်း၊ နေကြာသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် အဓိကကျသော သဘာဝပျားမျိုးများ၊ လိပ်ပြာ၊ ဖလံများ၊ ပိတုန်းများ ဂေဟစနစ်တွင် ပြန်လည်ပြည့်ဖြိုးလာစေရန်၊ ပျားစာပင်များ၊ အကျိုးပြုအပင်များကိုလည်း စိုက်ခင်းပတ်လည်တွင် စိုက်ပျိုးကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မြစ်သားမြို့နယ်ရှိ တောင်သူ ဦးအောင်ထိန်၏ တော်ဝင်ကြက် သွန်နီပွဲရုံလုပ်ငန်းနှင့် ရွာသစ်ကုန်းကျေးရွာ တောင်သူ ဦးမောင်စိုး၏ ကြက်သွန်နီ စိုက်ခင်းတို့ကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပင်ကြားဝတ်မှုံကူးသည့် သီးနှံဖြစ်သော ကြက်သွန်နီမျိုးစေ့ထုတ် လုပ်ငန်းအောင်မြင်ရန် ပျားများ၊ ပိတုန်းများနှင့် အခြားအင်းဆက်ပိုး များလိုအပ်ကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်း၍ ပန်းပွင့်ချိန်ကို လေ့လာ ပြီး မျိုးရိုးဗီဇမတူသည့် မျိုးများကို ပန့်ပွင့်ချိန်တူအောင်လုပ်ဆောင်၍ မျိုးစပ်မျိုးယူခြင်း သုတေသနများ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝက်ထိန်းကျေးရွာတောင်သူ ဦးစိုးဝင်း၏ နေကြာ ၁၀ ဧက စိုက်ခင်းနှင့် တံတားဦးမြို့နယ် စကားအင်းအဝိုင်းအနီးရှိ ဆောင်းဂျုံ စံပြကွက် ၂၅ ဧကတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ် တမုတ်ဆိုး ကျေးရွာတောင်သူများနှင့်တွေ့ဆုံ၍ ကျောက်ဆည် အင်းကုန်းစက်ရုံမှ စမ်းသပ်ထုတ်လုပ်သည့် အပေါ့စား လက်ဆွဲကောက်စိုက် စက်ကို နွေစပါးစိုက်ပျိုးရာသီမှစတင်၍ တောင်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှု၊ အဓိကစိုက်ပျိုးသည့်သီးနှံ မပေါ်မီစပ်ကြားတွင် အရင်းကျေ သီးနှံစိုက်ပျိုး၍ အပိုဝင်ငွေရရှိရေး ဆောင်ရွက်ကြရန်၊ ကောက်ရိုးမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကာ MSME လုပ်ငန်းများထွန်းကားလာစေရေး ဆွေးနွေးပြောကြားပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။