Skip to main content
x

“မြန်မာနိုင်ငံ၏ ဒေသကြက်များ မျိုးရိုးဗီဇအဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသောကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ခြင်းဖြင့် ဒေသကြက် မွေးမြူထုတ်လုပ်မှု ပိုမိုမြင့်မားစေခြင်း” စီမံကိန်းစတင်

နေပြည်တော် မတ် ၈

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ဒေသကြက်များ မျိုးရိုးဗီဇအဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ခြင်းဖြင့် ဒေသကြက်မွေးမြူထုတ်လုပ်မှု ပိုမိုမြင့်မားစေခြင်း” စီမံကိန်း စတင်ကြောင်း မိတ်ဆက်ခြင်းနှင့် “ဒေသကြက်မျိုးမြှင့်တင်ရေးအတွက် ကြက်သား စပ်ခြင်းနှင့် ဒေသကြက်ရောဂါ စူးစမ်းရှာဖွေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သင်တန်းခန်းမ၌ ကျင်းပရာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သုတေသီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်လုပ်ငန်း ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်တွင် ကြီးထွားနှုန်း အလွန်မြန်သည့် အသားစားကြက်မျိုးများ မွေးမြူခြင်းကို နိုင်ငံတကာတွင် မွေးမြူလုပ်ကိုင်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ အလားတူ မြန်မာကြက် စားသုံးသူများပြားလာခြင်း၊ ဈေးကောင်းရခြင်းတို့ကြောင့် မြန်မာကြက်မွေးမြူခြင်းကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းအပြင် စီးပွားဖြစ်မွေးမြူခြင်းလည်း ဆောင်ရွက်လာလျက်ရှိကြောင်း၊ မြန်မာကြက်မွေးမြူရေးတွင် ကြုံတွေ့ရသည့် “ကူးစက်ရောဂါများဖြစ်ပွားခြင်း” နှင့် ကပ်ရောဂါအသွင် ဖြစ်ပွားလေ့ရှိသော “ကြက်လည်လိမ်ရောဂါ” အပါအဝင်အဖြစ်များသည့် ကူးစက်ရောဂါများကို ရှာဖွေ ဖော်ထုတ်ပြီး စနစ်တကျ တားဆီးကာကွယ်ထိန်းချုပ်သွားရန် စီမံဆောင်ရွက်ခြင်းဖြစ်၍ သုတေသီများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကမြန်မာကြက်မွေးမြူ လုပ်ကိုင်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာရဲထွဋ်အောင်က စီမံကိန်း၏ ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း
တင်ပြသည်။

၂၀၂၃ ခုနှစ်တွင် ကောက်ယူခဲ့သော တိရစ္ဆာန်သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံတွင် ဒေသကြက်ကောင်ရေ ၄၁ ဒသမ ၄၀ သန်းခန့်ရှိသော်လည်း တိုးပွားလာသည့် လူဦးရေနှင့် ဈေးကွက်လိုအပ်ချက်အရ ဒေသကြက်တိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိရာ ဒေသကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဒေသကြက်များ မျိုးရိုးဗီဇ အဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသောကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ခြင်း သုတေသန စီမံကိန်းတစ်ခုကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ စီမံကိန်းတွင် ဒေသကြက်မျိုးရင်းများထက် ကြီးထွားနှုန်းပိုမြန်ပြီး အသားအရသာ ပိုမိုနူးညံ့သော ဒေသကြက်မျိုးများရရှိရန်နှင့် ဒေသကြက်မွေးမြူရေး၌ အဖြစ်များသည့် ရောဂါများအား စနစ်တကျ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး အလားတူဒေသမျိုးရင်း ကြက်များဖြစ်သည့် “အင်ပင်ဝ၊ လည်ပြောင်၊ စစ်တကောင်း” အပါအဝင်မြန်မာကြက်မျိုးရင်းများ၏ မျိုးရိုးဗီဇထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘွဲ့ကြိုသင်တန်းများတွင် လက်တွေ့သင်ကြားပြသမှုကို အထောက်အကူပြုစေနိုင်မည် ဖြစ်သည့်အပြင် ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအတွက် ဘွဲ့ယူကျမ်းများပြုစုနိုင်မည့် အခွင့်အလမ်းများကိုပါ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ ဂျုံမျိုးသုတေသနစိုက်ခင်းများမှ ထွက်ရှိလာသောဂျုံများကို မျိုးအလိုက် အရည်အသွေးများသိရှိနိုင်ရန်အတွက် အစားအစာသိပ္ပံနှင့် အာဟာရဆိုင်ရာ သုတေသနဌာနစုတွင် ပေါက်စီနှင့် ကွတ်ကီးမုန့်များ စမ်းသပ်ထုတ်လုပ်နေမှုနှင့် စားသုံးမှုအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းကို လက်တွေ့စစ်ဆေး၍ လိုအပ်ချက်များ အကြံပြုဆွေးနွေးခဲ့ပြီး ရုရှားနေကြာမျိုးများ၏ ဒေသဖြစ်ထွန်းမှုကို စမ်းသပ်လေ့လာသောနေကြာမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။