Skip to main content
x

စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ပထမအကြိမ် အစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၇

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၅၆ /၂၀၂၄ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစောနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစောက စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ စားရေရိက္ခာဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရန်၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဖြင့် ပြည်တွင်းဖူလုံပြီး ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ဈေးကွက်ဝေစုရရှိရေးကို ဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော ရေရှည်တည်တံ့သည့် စိုက်ပျိုးမွေးမြူရေးစနစ်များကို ဖော်ဆောင်ရန်၊ လယ်ယာကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်၏ ရည်ရွယ်ချက်ကောင်းများကို အခြေခံပြီး လုပ်ငန်းတာဝန်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ကော်မရှင်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော မူဝါဒများ ချမှတ်ခြင်း၊ လယ်ယာသားငါးထုတ်ကုန်များ ထုတ်လုပ်မှုမြှင့်တင်၍ ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် လိုအပ်သော မူဝါဒများ ချမှတ်ခြင်း၊ လယ်ယာကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းများတွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် ဆွဲဆောင်နိုင်သည့် မူဝါဒများချမှတ်ခြင်း၊ လယ်ယာစီးပွား (Agri-business) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံ မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အဘက်ဘက်မှ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တိုင်းပြည်၏ စီးပွားရေးလည်း မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း၊ နှစ်စဉ်တိုးတက်လာသည့် နိုင်ငံ့လူဦးရေ၏ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်း။

သီးနှံများ အထွက်နှုန်း ကောင်းမွန်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ကောင်းမွန်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တစ်ဖက်ကလည်း Agro Base Industry နိုင်ငံဖြစ်အောင် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးကိုလည်း သုတေသနလုပ်ငန်းများ အကြိမ်ကြိမ်ဆောင်ရွက်ပြီးလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နွေစပါးဧက သုံးသန်းခန့် မိုးစပါးဧက ၁၅ သန်းခန့် စုစုပေါင်း စပါးစိုက်ဧက ၁၈ သန်းခန့်ရှိကာ သီးထပ်စွမ်းအားတိုးတက်အောင် ထပ်မံဆောင်ရွက်နိုင်မည်ဆိုပါက တစ်နှစ်လျှင် ဧကသန်း ၃၀ ကျော် ခန့် စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ စပါးထွက်ရှိမှု ၂၀၀ ရာခိုင်နှုန်းဖြစ်၍ နိုင်ငံတော်အတွက် ဆန်စပါးဖူလုံရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် တိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြစ်သော အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေး၊ သီးထပ်စွမ်းအား တိုးတက်စေရေး၊ ကိန်းဂဏန်း အချက်အလက်များ မှန်ကန်စေရေးတို့အတွက် အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

မွေးမြူရေးကဏ္ဍ အနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ ငါး၊ နို့စားနွား၊ အသားစားနွားများ တိုးချဲ့မွေးမြူရေးအတွက် လိုအပ်သော နည်းပညာ၊ မျိုး၊ တိရစ္ဆာန်အစာနှင့် သားပေါက် ထုတ်လုပ်ခြင်းတို့ကိုလည်း ပြည်တွင်း၌ လုံလောက်အောင် ဆောင်ရွက်နိုင်ရမည်ဖြစ်ပါကြောင်း၊ သမားရိုးကျမွေးမြူခြင်းမှ လှောင်မွေးစနစ်၊ ရိတ်ကျွေးစနစ်အထိ ပြောင်းလဲဆောင်ရွက်နိုင်ရန် လက်ရှိဖော်ထုတ်ပြီးသည့် မွေးမြူရေးဇုန်များကို စနစ်တကျ အဆင့်မြှင့်တင်ခြင်းနှင့် မွေးမြူ ရေးဇုန်အသစ်များထပ်မံဖော်ထုတ် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပေးသော အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်မှု (MSMEs) များအတွက် အဓိကအခြေခံလျှပ်စစ်မီးရရှိရေး၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်အသုံးပြုနိုင်ရေးကိုလည်း ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ တိုးတက် လျက်ရှိသည့် စက်မှုနိုင်ငံကြီးများ ၌ပင် MSMEs များမှ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်ခြင်းများ မြှင့်တင်သွားနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို တိုက်တွန်းပြောကြားလိုကြောင်း။

တိုးတက်ထုတ်လုပ်လိုက်သည့် သီးနှံသားငါးများ ဈေးကွက်ရရှိရေးကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေဖြင့် ကန်ထရိုက် လယ်ယာစနစ်ကိုဆောင်ရွက်ခြင်းအားဖြင့် တောင်သူများအတွက် လိုအပ်သော အရင်းအနှီးဈေးကွက်များကို တစ်ပါတည်းရရှိစေမည်ဖြစ်၍ အောင်မြင်အောင် တိုးချဲ့ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း။

ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ကွင်းဆက်လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားပြီး အပြန်အလှန်အထောက်အကူပြုဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အလားတူ လုပ်ငန်းအမြန်တိုးတက်အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့် အကြံဉာဏ်ကောင်းများ၊ နည်းလမ်းကောင်းများကို အကြံပြုပေးကြရန်နှင့် သင့်တော်ကောင်းမွန်သည့် နည်းလမ်းနှင့် စနစ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဦးတည်ဆောင်ရွက်နိုင်ရေးအတွက် ယခုအစည်းအဝေးတွင် ညှိနှိုင်းပေါင်းစပ်ဆုံးဖြတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ကော်မရှင်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များနှင့် ထပ်မံဖွဲ့စည်းရမည့် ကော်မတီများနှင့်ပတ်သက်၍ အကြံပြုတင်ပြရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။