သီးနှံအလိုက် မြေဆီလိုအပ်ချက်နှင့် ဓာတ်မြေဩဇာ သွင်းအားစုအချိုးအဆ မှန်ကန်ရေးတို့ကို စနစ်တကျ ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ရမည်
နေပြည်တော် ဇန်နဝါရီ ၇
မွန်ပြည်နယ်လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရက လမ်းညွှန်ထားသည့် မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံစေရေး ဆောင်ရွက်ရာတွင် နည်းပညာနှင့် သုတေသနဖွံ့ဖြိုးရေးကို ထပ်မံမြှင့်တင်ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဒေသနှင့်ကိုက်ညီမည့် သက်လျင်မျိုးများကို တောင်သူနှင့်အတူ ရွေးချယ်ခြင်း၊ ပေါ်ဆန်းစိုက်ပျိုးရာဒေသများတွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနက မျိုးမြှင့်တင်ထုတ်လုပ်ထားသော ပေါ်ဆန်းမျိုးနှင့် နွေစပါးနှင့် ရေကျနောက်စိုက် ဒေသများတွင် နှိုင်းယှဉ်စမ်းသပ်အစားထိုးရန်လေ့လာခြင်း၊ ပိုးမွှားရောဂါကျရောက်မှု ကာကွယ် နှိမ်နင်းခြင်းတို့ကို စဉ်ဆက်မပြတ် ကင်းထောက်ကြည့်ရှုရန် လိုအပ်ကြောင်း၊ အလားတူ မြေဆီလွှာ ကျန်းမာရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ ဖြန့်ဝေပေးခြင်း၊ တီကျစ်စာမြေဆွေး ထုတ်လုပ်သုံးစွဲခြင်း အပါအဝင် သီးနှံအလိုက် မြေဆီလိုအပ်ချက်နှင့် ဓာတ်မြေဩဇာ သွင်းအားစု အချိုးအဆမှန်ကန်ရေးတို့ကို စနစ်တကျ ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။