ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့နိုင်ရန် ငါးမွေးမြူထုတ်လုပ်လျက်ရှိ
နေပြည်တော် မတ် ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ရွှေဥကျေးရွာရှိ ဟန်စိုးမိုးကုမ္ပဏီ လီမိတက်၏ ငါးမွေးမြူရေးနှင့် ငါးအစာတောင့်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနတာဝန်ခံနှင့် ကုမ္ပဏီတာဝန်ရှိသူများက ငါးအစာတောင့် ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခုံးမ၊ ရေချိုငါးမုတ်များ မွေးမြူထားရှိမှုနှင့် ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် အကောင်းဆုံးရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (BAP) လိုက်နာကျင့်သုံးမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ရာစံအေးငါးမွေးမြူရေးစခန်း၌ ဆော်ဒီအာရေဗျနိုင်ငံသို့ အဓိကတင်ပို့နိုင်ရန်အတွက် အကောင်းဆုံးရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (BAP) ဖြင့် ငါးမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကငါးမွေးမြူ ရေးလုပ်ငန်းရှင်များအား BAP Pre-Audit Team ၏ စစ်ဆေးဆောင်ရွက်ခဲ့သည့် အချက် ၁၀၃ ချက်အတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်ကြရေး၊ ဈေးကွက်လိုအပ်ချက်အရ ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေးရေထွက်ကုန် ပစ္စည်းများ တင်ပို့ခွင့်ရရှိရေးအတွက် BAP ကျင့်စဉ်နှင့်အညီ ဆောင်ရွက်ရေးနှင့် ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျလိုက်နာကျင့်သုံးရန် လိုအပ်ချက်များ၊ မွေးမြူသည်မှ ကုန်ချောထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် တင်သွင်းနိုင်ငံများမှချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။