Skip to main content
x

(၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေး နှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

(၄၄) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်း အဝေး ၊ (၂၂) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး နှင့် (၇)ကြိမ် မြောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို အောက်တိုဘာ လ (၂၆)ရက်နေ့ နံနက်(၈)နာရီခွဲ အချိန်တွင် အလှည့်ကျ ဥက္ကဌ ဖြစ်သော လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် Virtual Conferencing စနစ်ဖြင့် ကျင်းပရာ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာ ဝန်ကြီးများ နှင့်အတူ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက် ကြသည်။

(၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး ၌ အာဆီယံထိပ်သီး အစည်းအဝေးများမှ ထွက်ပေါ်လာသော လမ်းညွှန်ချက်များ၊ အာဆီယံဒေသတွင်း၌ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍနှင့် စပ်လျဉ်းသည့် မူဝါဒဆိုင်ရာမူဘောင်များအား အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်မှု အခြေအနေများကို ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး (၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ အဆင့်မြင့် အရာရှိ ကြီးများ ၏ အစီရင်ခံစာတွင်ပါရှိသော အာဆီယံ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စားနပ်ရိက္ခာကဏ္ဍ၊ သီးနှံကဏ္ဍ၊ ငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ သုတေသနနှင့်ဖွံ့ဖြိုးရေး ကဏ္ဍနှင့် ၂၀၂၃ခုနှစ်တွင် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် အဓိကလုပ်ငန်းစဉ် များကို အတည်ပြုခဲ့ကြသည်။

(၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆွေးနွေး ပြောကြားရာတွင် အာဆီယံနိုင်ငံများရှိ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍများသည် ကိုဗစ် ၁၉ ကပ်ရောဂါ၊ နိုင်ငံ အချင်းချင်းအငြင်းပွားမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝ အရင်းအမြစ်များ ပြုန်းတီးမှုတို့နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် အာဟာရဓါတ် ပြည့်ဝပြီး ဘေးအန္တရာယ်  ကင်းရှင်းသော စားနပ်ရိက္ခာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက်  စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာစနစ်များရှိ စီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်စွာ ပြန်လည်လည်ပတ်နိုင်ရန် ပိုမိုကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း စားနပ်ရိက္ခာ၊  စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ အသီးသီးရှိ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၏တိုးတက်မှုအခြေအနေများအတွက် ကျေနပ်အားရမိပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံထားသည် နှင့်အညီ  မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၂၃.၇%၊  ပြည်ပပို့ကုန်မှ ရရှိငွေ ၃၅ % နှင့် ကျေးလက်ဒေသရှိ လူဦးရေ ၇၀% တို့သည် လယ်ယာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်လည်း မြန်မာနိုင်ငံ ၏ စီးပွားရေး တိုးတက် ပြောင်းလဲစေရေးအတွက် ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးရေး နှင့်မွေးမြူရေး ထုတ်လုပ်မှု စွမ်းအား ပိုမို တိုးမြင့်စေရေးကို မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍသည် အမျိုးမျိုးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့နေရသော်လည်း ထုတ်လုပ်မှု သိသိသာသာ လျော့နဲ ကျဆင်းမှုမရှိပဲ ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့သည့်အတွက် တန်ဖိုးကွင်းဆက် တစ်လျှောက်ရှိ ဆက်နွယ် ပါဝင် သူများ၏ အခက်အခဲများအပေါ် ကြံ့ကြံ့ ခိုင် ဆောင်ရွက်မှုကို ချီးကျူးသင့်ပါကြောင်းနှင့် အထူးသဖြင့် လယ်သမားများကို စားနပ်ရိက္ခာ ထုတ်လုပ်သည့် သူရဲကောင်းများအဖြစ် ခေါ်ယူထိုက်ပါကြောင်း၊

            ယင်းသို့ဆောင်ရွက်နိုင်မှုကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ပြည်ပတင်ပို့မှု ကျဆင်းခဲ့ခြင်းမရှိပဲ ဆန်တန်ချိန် . ၉ သန်း ပဲမျိုးစုံ တန်ချိန် . ၈၇ သန်း ပြောင်းတန်ချိန် .၆ သန်း နှမ်းတန်ချိန်  ၀ . ၃ သန်း နှင့် ရေထွက်ပစ္စည်း တန်ချိန် .၆ သန်း တို့ကို တင်ပို့နိုင်ခဲ့ကြောင်း ထိုသို့ စားနပ်ရိက္ခာ ဖူလုံပိုလျှံစွာ ထုတ်လုပ်နိုင်မှုကြောင့် ဒေသတွင်း စားနပ်ရိက္ခာနှင့် အာဟာရဓါတ်ဖူလုံရေးကို ဝိုင်းဝန်းဖြည့်ဆည်း ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ ဆောင်ရွက်နိုင်မှုသည် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ(၂)ခု၏ ဟန်ချက် ညီ ပူးပေါင်း ဆောင်ရွက်နိုင်မှုနှင့် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီပေးမှုကြောင့်ဖြစ်ပါကြောင်း၊ ဒေသတွင်း စားနပ်ရိက္ခာနှင့် အာဟာရ ဓါတ် ပြည့်ဝရေးနှင့် အန္တရာယ်ကင်းသော စားနပ်ရိက္ခာများ စားသုံးနိုင်ရေးအတွက် အာဆီယံ အဖွဲ့ဝင်များ အနေဖြင့် စားနပ်ရိက္ခာ ကွင်းဆက်တလျောက် သက်ဆိုင်သော ကုန်သွယ်မှု၊ သယ်ယူ ပို့ဆောင်မှုတို့တွင် ဆိုင်ရာလုပ်ငန်းများကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊

အာဆီယံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပေးလျက်ရှိသော ဆွေးနွေးဖက်နိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်းများကို အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း၊ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ကိုလည်း ယုံကြည်မိပါကြောင်းနှင့် အစည်းအဝေးအား အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သော လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံနှင့် အစည်းအဝေး ဖြစ်မြောက်ရေးအတွက် လိုအပ်သည့်ဘက်မှ ပံ့ပိုးဆောင်ရွက်ပေးသော အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကိုလည်း ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။

အလားတူ (၂၂) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေး ကို မွန်းလွဲ (၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ Ministry of Agriculture and Rural Affairs မှ Vice Minister ,  H.E. Mr. Ma Youxiang ၊ ဂျပန်နိုင်ငံ Ministry of Agriculture, Forestry and Fisheries မှ Minister , Mr. Tetsuro Nomura ၊ ကိုရီးယားသမ္မတနိုင်ငံ Ministry of Agriculture, Food and Rural Affairs မှ Deputy Minister , H.E Dr. Park Beom-su တို့ တက်ရောက်ကြပြီး အာဆီယံ အပေါင်းသုံး ထိပ်သီး အစည်း အဝေး မှ ချမှတ်ခဲ့သော လယ်ယာကဏ္ဍဆိုင်ရာ လမ်းညွှန် ချက်များ၊ အာဆီယံအပေါင်းသုံးနိုင်ငံများ အကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး နှင့် သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ၏ တိုးတက်မှု အခြေအနေများ၊ အာဆီယံ အပေါင်းသုံး ဆန်အရန် ရိက္ခာထားရှိရေး သဘောတူညီ ချက် နှင့် အာဆီယံ စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ သတင်း အချက် အလက် စနစ် တို့၏ အကောင်အထည်ဖေါ် ဆောင်ရွက်မှု အခြေအနေများ နှင့် ရှေ့လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ လုပ်ငန်း အစီအစဉ်များ ကို ချမှတ်ပေးခဲ့ ကြပြီး အစည်းအဝေးဆိုင်ရာ ပူးတွဲ ကြေညာချက်တို့ကို သဘောတူခဲ့ကြသည်။

     အဆိုပါအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ က ၂၀၂၂ခုနှစ်အတွင်း အကောင်အထည်ဖေါ် ဆောင်ဆောင်ရွက် ခဲ့သည့် အာဆီယံ အပေါင်းသုံး စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ လုပ်ငန်းစဉ် (၉)ခု၏ တိုးတက်မှု အခြေအနေများ အတွက် ဂုဏ်ယူ မိပါကြောင်းနှင့် အာဆီယံနိုင်ငံများရှိ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာများ ကူညီပံ့ပိုး ပေးလျက်ရှိသည့် အပေါင်းသုံးနိုင်ငံများ ဖြစ်ကြသော တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန် နိုင်ငံနှင့် ကိုရီးယား သမ္မတ နိုင်ငံ တို့အား ကျေးဇူး အထူးတင်ရှိ ပါကြောင်း၊ အာဆီယံ အပေါင်းသုံး ဆန်အရန် ရိက္ခာ ထားရှိရေး သဘောတူညီချက် ၏ Tier 3  ၂၀၂၂ ခုနှစ် အစီအစဉ် အရ ကိုရီးယား သမ္မတ နိုင်ငံမှ လှူဒါန်း သည့် ဆန်တန်ချိန် (၆၀၀)အား မြန်မာနိုင်ငံတွင် သိုလှောင် ရန် ကမ်းလှမ်းလာမှုအပေါ် ကြိုဆို ပါ ကြောင်း နှင့် ထိုသို့ ကမ်းလှမ်းလာမှုအတွက် ကိုရီးယား သမ္မတနိုင်ငံအစိုးရအား ကျေးဇူးတင်ရှိ ပါကြောင်းဆွေးနွေး ပြောကြားခဲ့သည်။

   (၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီး များ အဆင့် အစည်းအဝေး ကို ညနေ (၄) နာရီ အချိန် တွင် ကျင်းပ ရာ အာဆီယံ-အိန္ဒိယထိပ်သီး အစည်းအဝေး၊ အာဆီယံ – အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးများ ၏ အထူး အစည်းဝေး နှင့် အာဆီယံ-အိန္ဒိယစီးပွားရေး ဝန်ကြီးများ အစည်းအဝေးများမှ ထွက်ပေါ်လာသော လယ်ယာကဏ္ဍ ဆိုင်ရာ အချက်များ နှင့် အာဆီယံ-အိန္ဒိယ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နှင့် စပ်လျဉ်းသည့် အကောင်အထည် ဖေါ် ဆောင်ရွက်မှု အခြေအနေတို့ကို အခြေခံ၍ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အစည်းအဝေးတက်ရောက်လာကြသော ဝန်ကြီးများ က အကြံပြု ဆွေးနွေး ကြသည်။

     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဆွေးနွေး ပြောကြားရာ၌ ယခုနှစ်သည် အာဆီယံ-အိန္ဒိယ ပူးပေါင်း ဆောင်ရွက် မှု ၏ နှစ် (၃၀)ပြည့် အထိမ်းအမှတ်ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ရေရှည်တည်တံ့ပြီး သဘာဝ နှင့် လိုက်လျောညီထွေရှိရုံ သာမက ရာသီ ဥတုဒဏ်ကိုကြံ့ကြံ့ခံနိုင်‌သာ  စိုက်ပျိုးရေး ဖြစ်ထွန်း လာစေရေးနှင့် မြေဆီလွှာ ရေရှည် တည်တံ့ စေရေး အတွက် စီမံခန့်ခွဲရေးလုပ်ငန်းများအား အဆင့်မြင့် အရာရှိကြီးများနှင့် လုပ်ငန်းအဖွဲ့အနေဖြင့် ပိုမို အားထုတ် ကြိုးပမ်းရန် တိုက်တွန်း လိုပါ ကြောင်း၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား လယ်ယာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ ပါဝင် ပူးပေါင်း ဆောင်ရွက်မှု သည် ပိုမို ထိရောက် ပြီး အကျိုးရှိမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

     ထို့နောက် (၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီး များ အဆင့်အစည်းအဝေး ၏ ထုတ်ပြန် ကြေညာ ချက်ကို အတည်ပြုခဲ့ကြကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။