Skip to main content
x

နွားထိုးကြီးမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ နည်းပညာသစ်ထွန်ယက်ရေး သရုပ်ပြ

   မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ဂွေးပင်တောကျေးရွာတွင် လယ်ယာသုံး စက်ကိရိယာနည်းပညာသစ် ထွန်ယက်ရေး သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

     အဆိုပါ လယ်ယာသုံးစက်ကိရိယာ နည်းပညာသစ်ထွန်ယက်ရေး သရုပ်ပြသခြင်းသို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး၊ နွားထိုးကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဂွေးပင်တောကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

    “လယ်ယာသုံးစက်ကိရိယာ နည်းပညာသစ်ထွန်ယက်ရေး သရုပ်ပြသခြင်းကတော့ လယ်ယာမြေတွေမှာ ကျုံ့တဲ့အတွက် ယခုကျွန်တော်တို့ ပြသတဲ့ ထွန်စက်နဲ့ ထွန်ယက်မယ်ဆိုရင် မြေဆီလွှာကျုံ့ခြင်းကြောင့် ကျစ်လျစ်သိပ်သည်းမြေဆီလွှာကို ထိုးခွဲနိုင်တဲ့အတွက် မြေအစိုဓါတ် ကိုလည်း ထိန်းသိမ်းနိုင်ပြီး မြေဆီလွှာကျစ်လျစ်သိပ်သည်းတာကို မဖြစ်ပေါ်စေပါဘူး။ ထို့အပြင် မြေဒုံပေါက်ခြင်းကိုလည်းကာကွယ် ပေးပါတယ်။ ကျစ်လျစ်သိပ်သည်းတဲ့ မြေဆီလွှာကို ထိုးခွဲနိုင်တဲ့ အတွက် အပင်တွေရဲ့ အမြစ်ထွက်အားကောင်းခြင်း၊ ရေစုပ်ယူမှုအားကောင်းခြင်းတွေအပြင် အပင်ရဲ့ လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင် ဓါတ်ကို ပိုမိုရရှိစေမှာ ဖြစ်ပါတယ်” ဟု နွားထိုးကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောသည်။

      တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာ နည်းပညာသစ် ထွန်ယက်စက်ဖြင့် မိမိတို့ လယ်ခင်းများတွင် ထွန်ယက်လိုပါက နွားထိုးကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနသို့ ဆက်သွယ် ဆောင်ရွက်နိုင် ကြောင်းသိရသည်။