Skip to main content
x

စာချုပ်စာတမ်းများမှတ်ပုံတင်ခြင်းဆိုင်ရာ(ပဥ္စမ)အကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကို ရန်ကုန်မြို့တွင် (တတိယ)ဇုန် အဖြစ် ကျင်းပ

      စာချုပ်စာတမ်းများမှတ်ပုံတင် ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ  စာချုပ် စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ(ပဥ္စမ)အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ (၂၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန အရာထမ်း အမှုထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

      အခမ်းအနားတွင် ဒုတိယဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ စာချုပ် စာတမ်းများ မှတ်ပုံတင်ဥပဒေ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် တည်ဆဲ ဥပဒေများအရ စာချုပ်စာတမ်းများ တရားဝင်ဖြစ်စေရေး၊ ပြည်သူလူထု၏ ပစ္စည်း လွှဲပြောင်းမှုများ တရားဝင်ဖြစ်စေရေး နှင့် ပြည်သူလူထုအား လိမ်လည်မှု မှ အကာအကွယ် ပေးနိုင်ရေး လုပ်ငန်းရပ်များကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်အဖြစ် မှန်ကန်တိကျစွာဖြင့် ဥပဒေနှင့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြား ချက်များနှင့်အညီ ဝန်ဆောင်မှုပေးရန် လိုအပ်ပါကြောင်း၊ အဆိုပါ ဝန်ဆောင်မှု လုပ်ငန်းများမှာ တောင်သူ လယ်သမားများ ၏ အကျိုး စီးပွား ဖြစ်ထွန်းမှု နှင့် အခွင့်အရေးများကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက် ပေးခြင်း ဖြစ်ကြောင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း လုပ်ငန်းအား ခေတ်နှင့်လျော်ညီစွာ မြန်မြန် ဆန်ဆန် ဆောင်ရွက်ပေးနိုင်ရေးအတွက်  DDMS (Digital Deed Management Stytem) စနစ်ကို အသုံးပြု၍ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လယ်ယာမြေနှင့် ပတ်သက်သော စာချုပ် စာတမ်းများကိုလည်း ဥပဒေနှင့်အညီ  မှတ်ပုံတင်ပေးရာ၌ FDMS (Farm Land Deed Management Stytem) စနစ်ကို အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှည်တွင် Online မှ စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်နိုင်ရေး ၊ မူပိုင်ခွင့်နှင့် အရည်အသွေး ဆိုင်ရာ ပိုင်ဆိုင်ခွင့်ကို ပြည်သူများ တစ်ပါတည်း ရယူ ခံစား နိုင်ကြစေရေး အတွက်  ဆက်လက် အားထုတ် ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

    ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးသက်နိုင်ဦး က စာချုပ်စာတမ်းများမှတ်ပုံတင်ခြင်း၏ ရည်ရွယ်ချက် နှင့် နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်အခများ ရရှိရန်ဆောင်ရွက်ချက်များ၊ ဥပဒေပါ ပြဌာန်းချက်နှင့်အညီ ကျင့်သုံးဆောင်ရွက်ရာတွင် ချွတ်ချော်တိမ်းစောင်းမှုမရှိစေရေး သတိပြုဆောင်ရွက်ရန် လိုအပ် ချက်များကို ဆွေးနွေးပြောကြားသည်။

    လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအနေဖြင့် (ပဉ္စမ) အကြိမ် မြောက် အလုပ်ရုံဆွေးနွေးပွဲကို တစ်နိုင်ငံလုံးတွင် ဇုန်နယ်မြေ(၅)ခု ခွဲခြားသတ်မှတ်၍ ကျင်းပ ပြုလုပ်သွားရန် စီစဉ်ထားရှိရာ (ပထမ)ဇုန် ဖြစ်သည့် နေပြည်တော်တွင် ဇန်နဝါရီလ (၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ပြီး (ဒုတိယ)ဇုန် အဖြစ် မန္တလေးမြို့တွင် (၁၄) ရက်နေ့က ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ မှာ (တတိယ)ဇုန် အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တနင်္သာရီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် တို့မှ အရာထမ်း၊ အမှုထမ်း (၂၈၀)ဦး တက်ရောက်ကြကြောင်းသတင်းရရှိသည်။