Skip to main content
x

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံတော်၏ အဓိကရိက္ခာအသားကဏ္ဍ ထုတ်လုပ်မှုတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကံသာကျေးရွာရှိ Join Global Myanmar Co.,Ltd. ၏အသားစားမျိုးကြက်အကောင်ရေ ၁၆၀၀၀ မွေးမြူ၍ အသားစားကြက်မျိုးဥများ ထုတ်လုပ်ဖြန့်ဖြူး နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

အလားတူ တပ်ကုန်းမြို့နယ် ကံကြီးမွေးမြူရေးဇုန်ရှိ ပုဂ္ဂလိကအသားစားကြက်ခြံတွင် ကံကြီးမွေးမြူရေး ဇုန်နှင့် ရွှေမြို့မွေးမြူရေးဇုန်မှ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအားလုံး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုဆွေးနွေးပြီး ပုဂ္ဂလိကမွေးမြူရေးခြံတွင် မွေးမြူထားသော အသားစား ကြက်ကောင်ရေ ၃၄၀၀၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊ အောင်ချမ်းသာ နို့စားနွားမွေးမြူရေးခြံ၏ နို့စားနွားမွေးမြူထားရှိ မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပျဉ်းမနား သကြားစက်ရုံသို့ရောက်ရှိပြီး ၂၀၂၃- ၂၀၂၄ ကြံရာသီ ကြိတ်ခွဲနိုင်ရေး ကြိုတင်ဆောင်ရွက်နေမှုများနှင့် ပျဉ်းမနားမြို့ ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၏ တစ်သျှူးမျိုးပွားခြင်းလုပ်ငန်းများ၊ မျိုးပွားစိုက်ခင်း ၃၈ ဧကတွင် ကြံမျိုးပွားစိုက်ပျိုး ထားရှိမှု၊ တောင်သူနည်းပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်း(ပျဉ်းမနား)၏ သင်ကြားရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဒီပလိုမာ ပထမနှစ် သင်တန်းသားအသစ်များ ကျောင်းဝင်ခွင့်လျှောက်ထားမှု၊ ရွေးချယ်မှုနှင့် ကျောင်းသားကျောင်းသူများရောက်ရှိမှု၊ ကျောင်းတွင်းသာယာလှပရေးနှင့် ကျောင်းတွင်းစားသောက်ဆိုင် တည်ဆောက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။