Skip to main content
x

ပြည်ပနိုင်ငံများတွင် အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ် အတွေ့အကြုံများ ရှင်းလင်းဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ပြည်ပအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ်များသွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းတင်ပြမှုကို ယမန်နေ့ညနေပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်အားပေးသည်။

အခမ်းအနားတွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် "အရှေ့တောင်အာရှနိုင်ငံများ သုတေသန ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဦးမော့လာသော ကူးစက်ရောဂါများ တုံ့ပြန်ရေးဆိုင်ရာ အစည်းအဝေး" အတွေ့အကြုံများကို မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းကလည်းကောင်း၊ ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် “တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလမ်းစဉ်နှင့် ထိရောက်သော တိရစ္ဆာန်ဆေးကုသရေး ဝန်ဆောင်မှုများအတွက် တစ်ခုတည်းသောကျန်းမာရေး အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး” အတွေ့အကြုံများကို မြန်မာကိုယ်စားလှယ်အဖွဲ့ကိုယ်စား ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်ကလည်းကောင်း၊ ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် အာရှတွင် ခင်းကျင်းပြသမည့် ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန်အစာနှင့် လူတို့၏စားသောက်ကုန်များ ကုန်စည်ပြပွဲ လေ့လာရေးခရီး အတွေ့အကြုံများကို မြန်မာကိုယ်စားလှယ်အဖွဲ့ကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးမိုးသိန်းကလည်းကောင်း၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် "ငါးဖမ်းဆီးမှုဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းအစီအစဉ်နှင့် ငါးနှင့်ငါးထွက်ကုန်ပစ္စည်းများ နောက်ကြောင်းခြေရာခံခြင်းဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေး ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ" အတွေ့အကြုံများကို မြန်မာကိုယ်စားလှယ်အဖွဲ့ကိုယ်စား ဦးစီးအရာရှိ ဒေါ်အေးအေးမော်ကလည်းကောင်း၊ ဂျပန်နိုင်ငံတွင် တက်ရောက်ခဲ့သည့် "တိရစ္ဆာန်ဆေးကုသခြင်းဆိုင်ရာ ပါရဂူဘွဲ့သင်တန်း" အတွေ့အကြုံများကို ဒေါက်တာသန္တာဦးကလည်းကောင်း ရှင်းလင်းတင်ပြကြပြီး သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်တို့က သုံးသပ်ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။