Skip to main content
x

သီးနှံမျိုးရင်းဗီဇရင်းမြစ်များ မျိုးသုဉ်းပျောက်ကွယ်မှုမဖြစ်ပေါ်စေရေး ထိန်းသိမ်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန အခြားနှံစားသီးနှံဌာနစု မျိုးစေ့ဘဏ်တွင် စုဆောင်းထိန်းသိမ်းထားရှိသော ဆပ်သီးနှံ ၁၃၆ မျိုး၏ မျိုးအရည်အချင်းလက္ခဏာများ မှတ်တမ်းကောက်ယူခြင်းနှင့် မျိုးသန့်ပွားများခြင်း ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လူး၊ ဆပ် သီးနှံများသည် မိမိတို့နိုင်ငံ၏ မျိုးရင်းဗီဇရင်းမြစ်များဖြစ်သဖြင့် မျိုးသုဉ်းပျောက်ကွယ်မှုမဖြစ်ပေါ်စေရေး ထိန်းသိမ်းထားရှိရန် လိုကြောင်း၊ ကျန်းမာရေးအထောက်အကူပြု သီးနှံဖြစ်သည့်အပြင် ခရီးသွားလုပ်ငန်းများ ထွန်းကားလာပါက ဝင်ငွေရသီးနှံများဖြစ်သည့်အတွက် နိုင်ငံတကာတွင် အမည်အမျိုးမျိုးဖြင့် လူး၊ ဆပ် အခြေခံရိုးရာ အစားအစာများအဖြစ် စားသုံးနေမှုကိုလည်း လေ့လာသုတေသနပြုရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အပတ်စဉ် စနေနေ့တိုင်း ကျင်းပသည့် (၁၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum)သို့ တက်ရောက်အားပေးသည်။

“နေပြည်တော်ကောင်စီနယ်မြေ၏ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု အလားအလာနှင့် သက်လျင်အထွက်ကောင်း စပါးမျိုးသစ်များ” ခေါင်းစဉ်ဖြင့် ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက နေပြည်တော်၏ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးအောင်မြင်မှုကိုစံထားပြီး တိုင်းဒေသကြီး၊ ပြည်နယ်တိုင်း မျိုးစေ့ဖူလုံရေးတိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ကန်သင်းသီးနှံစိုက်ပျိုးခြင်း၊ အရင်းကျေသီးနှံများ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန် အကြံပြု တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်က နေပြည်တော်ကောင်စီနယ်မြေ၏ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု အလားအလာနှင့်ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသီတစ်ဦးက သက်လျင် အထွက်ကောင်း စပါးမျိုးသစ်များအကြောင်းနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး တောင်သူများ၏ မေးမြန်းချက်များကို အသေးစိတ် ဖြေကြားရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။