Skip to main content
x

ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးခြင်းဖြင့် စားသုံးဆီဖူလုံစေရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြား

နေပြည်တော် ဒီဇင်ဘာ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မကွေးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးတွင် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ဆောင်ရွက်ရေး၊ ရေရရှိရေးနှင့် စက်မှုလယ်ယာစနစ်ဖော်ဆောင် ပေးနိုင်ရေး၊ သွင်းအားစု မှန်ကန်အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေ စီမံခန့်ခွဲအသုံးပြုခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် သုတေသနလုပ်ငန်းများတွင် တောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသန ဗဟိုဌာန (မကွေး) ခြံတွင် ဆောင်ရွက်ထားရှိသည့် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံအတွဲများ စမ်းသပ်စိုက်ပျိုးထားရှိမှု၊ မြေပဲသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး သရုပ်ပြစမ်းသပ်ကွက်၊ ရေသွင်းနည်းစနစ်အမျိုးမျိုး အသုံးပြု၍ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသနှင့်သင့်လျော်သည့် အထွက်ကောင်း အရည်အသွေးကောင်း သီးနှံမျိုး များနှင့် စပ်မျိုးများ သုတေသနပြု မျိုးမွေးမြူရွေးချယ်ပေးရန်လိုအပ်ချက်များ၊ လက်တွေ့အသုံးချ သုတေသန ရလဒ်များအားသက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဌာနများနှင့်ပူးပေါင်း၍ တောင်သူများ လက်ဝယ်အရောက် ပို့ဆောင်ပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့ပိုးသတ်ဆေးများထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်က ဆောင်ရွက်လျက်ရှိသည့် တမာပိုးသတ်ဆေး စမ်းသပ်ကြိတ်ခွဲ ထုတ်လုပ်နေမှု၊ ဂွတ်ဘရားသား ကုမ္ပဏီ၏ နွားနောက်၊ နို့စားနွားနှင့် ဒေသနွားများ မွေးမြူထားရှိမှု၊ တောင်သူနှင့် မွေးဖက်ပေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာလိုအပ် ချက်များဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။