Skip to main content
x

ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များနှင့်အညီ ထုတ်လုပ်ခြင်းဖြင့် ထုတ်ကုန်အရည်အသွေးမြင့်မားရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ (၁) ၌ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်း၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက မြန်မာ့ရေသယံဇာတများ မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်နိုင်ရန် ဖမ်းဆီးထုတ်လုပ်ခြင်းအစား မွေးမြူထုတ်လုပ်ခြင်းကို အလေးပေး ဆောင်ရွက်ကြစေလိုကြောင်း၊ စားသုံးသူ ဘေးကင်းလုံခြုံရေးနှင့် ပြည်ပတင်ပို့ရာတွင် လိုက်နာရမည့် စံချိန်စံညွှန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များနှင့်အညီ ထုတ်လုပ်ခြင်းဖြင့် ထုတ်ကုန်အရည်အသွေးမြင့်မားရေး ကြိုးပမ်းဆောင်ရွက် ကြရန် မှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။

၂၀၂၃-၂၀၂၄ ခုနှစ် (ဧပြီလမှ နိုဝင်ဘာလအထိ) ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ ပြည်ပတင်ပို့မှုမှ မက်ထရစ်တန်ချိန် ၂၉၃၇၀၁ ဒသမ ၉၄၁ တန် တင်ပို့နိုင်ခဲ့ပြီး အမေ ရိကန်ဒေါ်လာ ၄၄၈ ဒသမ ၅၇၉ သန်းရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းအတတ်သင်ကျောင်း (ကြို့ကုန်း) သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရှားပါးလာသော ဒေသ ငါးမျိုးစိတ်များ ထိန်းသိမ်းရေး၊ သဘာဝရေပြင်တွင် ငါးသားပေါက်များ စိုက်ထည့်ပေးရေးနှင့် စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်ရေး၊ သဘာဝဂေဟစနစ်ကို ထိခိုက်စေနိုင်သည့် ငါးဖမ်းနည်းများ အသုံးမပြုရေး ထည့်သွင်းပို့ချရန်နှင့် ငါးသယံဇာတကို အခြေခံသည့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိရေးအတွက် ကျွမ်းကျင်တတ်မြောက်သည် အထိ သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။