Skip to main content
x

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ တတိယအကြိမ်စည်းဝေး

နေပြည်တော် ဒီဇင်ဘာ ၂၀

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် ဥပဒေရေးဆွဲရေးအဖွဲ့ငယ်များမှ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက လုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဥပဒေရေးဆွဲရေး အဖွဲ့ငယ်ခေါင်းဆောင်များနှင့် အစည်းအဝေးတက်ရောက်လာကြသူများက အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက်နှင့် လုပ်ငန်းအချိန်ကာလသတ်မှတ်ချက်အတိုင်း အချိန်မီပြုစုနိုင်ရေးကိစ္စရပ်များအပါအဝင် အမျိုးသားမြေအသုံးချမှုကောင်စီ စတုတ္ထအကြိမ်အစည်းအဝေးကချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်ကိစ္စများ၊ အဖွဲ့ငယ်အလိုက်ဆောင်ရွက်ပြီး လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းရပ်များ၊ ဥပဒေမူကြမ်း လက်တွေ့ရေးသားပြုစုကြရာတွင် ဥပဒေအခန်းအလိုက် ပြီးစီးမှုအခြေအနေများကို တင်ပြပေးနိုင်ရေးနှင့် ညှိနှိုင်းပေါင်းစပ်ပေးရန် လိုအပ်ချက်များကို ဆွေးနွးတင်ပြကြသည်။

ယခု ရေးဆွဲလျက်ရှိသည့် အမျိုးသားမြေဥပဒေမူကြမ်းတွင် မြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်မူ၊ အခြေခံမူများကို အကောင်အထည်ဖော်နိုင်ရန်၊ မြေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသော တည်ဆဲဥပဒေများ သဟဇာတဖြစ်စေရန်၊ မြေအုပ်ချုပ်စီမံမှုစနစ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ ဥပဒေရေးဆွဲရေးအဖွဲ့ငယ်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်