Skip to main content
x

မြန်မာနိုင်ငံရှိ ရေသယံဇာတအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

မြန်မာနိုင်ငံရှိ ရေသယံဇာတအရင်းအမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံသည် မြေပေါ်မြေအောက်ရေသယံဇာတအရင်းအမြစ် ပေါကြွယ်ဝသော်လည်း ရေအရင်းအမြစ်ကြွယ်ဝမှုနှင့် တည်ရှိမှု အခြေအနေသည် နေရာဒေသလိုက်၍ ကွဲပြားခြားနားမှုရှိနေပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ရေရှားပါးမှုအခက်အခဲများ ဖြေရှင်းခြင်းနှင့် အရေးပေါ် ရေလိုအပ်ချက်ရှိသည့် ဒေသများတွင်အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ရေသယံဇာတအရင်းအမြစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယနေ့အစည်းအဝေး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ရေသယံဇာတ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေစေရန်လိုအပ်သော ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် ရေဆိုင်ရာစီမံခန့်ခွဲသည့် ဝန်ကြီးဌာန၊ မြစ်ဝှမ်းဒေသအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ Myanmar National Water Policy အပေါ်အခြေခံ၍ နိုင်ငံ ၁၀ နိုင်ငံမှ ရေနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား စံနမူနာထားလေ့လာပြီး မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်တည်ရှိမှု၊ သုံးစွဲမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။