Skip to main content
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် စိုက်ပျိုးရေ ဖူလုံပိုလျှံစွာ အသုံးပြုနိုင်ရန်နှင့် ရေချိုအရင်းအမြစ်များ အကျိုးရှိစွာ အသုံးချနိုင်ရန် ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၆

သီးထပ်သီးနှံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်ရေးအတွက် အဓိကသွင်းအားစုတစ်ခုဖြစ်သည့် စိုက်ပျိုးရေဖူလုံပိုလျှံစွာ အသုံးပြုနိုင်ရန်နှင့် ရေချိုအရင်းအမြစ်များ အကျိုးရှိစွာ အသုံးချနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ကြံဖိုစုကျေးရွာအနီး ဆင်သေချောင်းလျှပ်စစ်ရေတင် တည်‌ဆောက်ရေးလုပ်ငန်းခွင်ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ရေတင်စက်ရုံတည်ဆောက်မည့်နေရာနှင့် စက်မှုပိုင်းဆိုင်ရာလုပ်ငန်းများ၊ လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများ၊ ရေငြိမ်ကန်နှင့် တူးမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ရေသောက်စနစ်အတွင်းရှိ စိုက်ပျိုးမြေများကိုစိစစ်ပြီး ဌာနဆိုင်ရာများ၊ တောင်သူများနှင့်ညှိနှိုင်းရန်၊ သီးနှံပုံစံအလိုက်ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆင်သေလက်ယာမြောင်းမကြီး ဆည်ရေသောက်စနစ် D.O-11 မှ D.O-15 လုပ်ငန်းများအကြား ပြုပြင်မွမ်းမံမှုလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ရေလိုအပ်ချက်ကို အချိတ်အဆက်မိမိ ဖြည့်ဆည်းပေးနိုင်ရန်နှင့် သီးနှံပုံစံတူညီစွာ စိုက်ပျိုးခြင်းအတွက် တောင်သူအချင်းချင်း ညှိနှိုင်းပေါင်းစပ်မှု ပိုမိုအားကောင်း လာစေရန် ရေအသုံးချသူများအဖွဲ့(WUG)များ တိုးချဲ့ဖွဲ့စည်း နိုင်ရေး ကြိုးပမ်းပေးကြရန် တိုက်တွန်းမှာကြားသည်။

ပုဗ္ဗသီရိ မြို့နယ်အတွင်း ဆင်သေရေလွှဲဆည်မှ နှစ်စဉ်ရေပေးဝေနိုင်ခဲ့သော်လည်း ယခုအခါ ဆင်သေရေလှောင်တမံအတွင်း ရေဝင်ရောက်မှုကောင်းမွန်လာသဖြင့် စိုက်ပျိုးမြေ ဧရိယာများ တိုးတက်စိုက်ပျိုးနိုင်ရန် ပြုပြင်ဆောင်ရွက်လျက်ရှိပြီး ယခုဆောင်ရွက်နေသည့် ရေသောက်စနစ် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို နွေသီးနှံ စိုက်ပျိုးရာသီအမီ ပြီးစီးရေးနှင့် နွေသီးနှံဧက တိုးတက် ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။