Skip to main content
x

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ ရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၉

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ (Standard Operating Procedure -SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး - ၂ က SOP မူကြမ်းပါအချက်များကို ရှင်းလင်းတင်ပြရာ ဦးစီးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ရေးဆွဲထားသည့် SOP မူကြမ်း၏ အကြောင်းအရာ တစ်ချက်ချင်းအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊ ရွာမြေကဲ့သို့ အခိုင်အမာအဆောက်အအုံများ ဆောက်လုပ်ခြင်းမျိုးသည် တည်ဆဲလယ်ယာမြေဥပဒေနှင့် လယ်ယာမြေနည်းဥပဒေများကို မျက်ကွယ်ပြုဆောင်ရွက်နေခြင်းဖြစ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးမြေများ မလျော့ပါးစေရေးနှင့် တိုးပွားလာသော ပြည်သူလူထုအတွက် နေထိုင်နိုင်ရန် မြေနေရာလုံလောက်ရေး၊ တိုးတက်ဖွံ့ဖြိုးလာသော စက်ရုံအလုပ်ရုံများအတွက် မြေနေရာအသုံးပြုနိုင်ရေးတို့ကို အခြေခံ၍ အဆိုပါလိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည့် Standard Operating Procedure – SOP ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။