Skip to main content
x

တစ်ဧကချင်း၏ထုတ်လုပ်မှုတိုးတက်ရေးအတွက် နည်းပညာများ စနစ်တကျလိုက်နာအသုံးပြုဆောင်ရွက်ရန် လိုအပ်

နေပြည်တော် မတ် ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က နေပြည်တော်ပျဉ်းမနားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁) အလတ်စား စက်ပြင်အလုပ်ရုံတွင်တောင်သူပိုင် ထွန်စက်ကြီးများ၊ စပါးရိတ်သိမ်းခြွေလှေ့စက်များ၊ လက်တွန်းထွန်စက်များ၏ ကြံ့ခိုင်မှုပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေမှုနှင့် လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု အထောက်အကူပြု အခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမှတ် (၁) အလတ်စားစက်ပြင်အလုပ်ရုံနှင့် စက်မှုလယ်ယာစခန်းများမှ ဝန်ထမ်းများကိုတွေ့ဆုံ၍ လယ်ယာသုံးစက်ကိရိယာများ ရင်းနှီးမြှုပ်နှံမှုနှင့် ထိုက်တန်သည့် အကျိုးစီးပွားရရှိစေရန်ဆိုင်ရာ စက်ကိရိယာ၏စွမ်းအားကို အပြည့်အဝအသုံးချနိုင်ရေး၊ တစ်ဧကထုတ်လုပ်မှုနှင့် လယ်ယာလုပ်သားတစ်ဦးချင်း၏ စွမ်းဆောင်နိုင်မှု မြှင့်တင်ပေးနိုင်ရေး၊ စက်မှုလယ်ယာလုပ်ငန်းကိုအခြေခံသည့် အလုပ်အကိုင်အခွင့် အလမ်းများဖော်ဆောင်ပေးနိုင်ရေး၊ စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းရေးနှင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဖြည့်ဆည်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စု ဇီးဖြူပင်ကျေးရွာတွင် ကွင်းအမှတ် (၂၀၇၈) တောင်သူဦးရေ ၇၁ ဦးတို့၏ လယ်မြေတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စနစ်ကျလယ်ယာမြေဧက ၁၅၀ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေပေး မြောင်း၊ ရေနုတ်မြောင်းနှင့် ကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

စီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်း စီမံကိန်းလုပ်ငန်းများ၊ ပေါင်းလောင်းဆည်ရေ သောက်စနစ်မှ နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေစပါးဧက ၁၀၂၀၀၊ အခြားသီးနှံ ၁၄၇၅ ဧက၊ ပဲခူးတိုင်းဒေသကြီးအတွင်း နွေစပါးဧက ၃၄၆၀ နှင့် အခြားသီးနှံဧက ၅၅၄၀ စုစုပေါင်း ၂၀၆၇၅ ဧက စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တောင်သူတစ်ဦးချင်း၏ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ပြီးစီးပါကရေသွင်း၊ ရေထုတ်စနစ်များ ပိုမိုကောင်းမွန်ပြီး ပေါင်းလောင်းရေလှောင်တမံမှ စိုက်ပျိုးရေလုံလောက်စွာရရှိမည်ဖြစ်၍ သီးထပ်များ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် နည်းပညာများ စနစ်တကျလိုက်နာအသုံးပြုဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။