Skip to main content
x

တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်း သရုပ်ပြ

တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မွေးမြူရေးတောင်သူများ တက်ရောက်ကြသည်။

မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ စီးပွားဖြစ် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများတွင် စုစုပေါင်း ကုန်ကျစရိတ်၏ ၇၀ ရာခိုင်နှုန်းရှိသည့် အစာကုန်ကျစရိတ်ကို လျှော့ချနိုင်ရေးသည် အရေးကြီးဆုံး အချက်တစ်ခုဖြစ်ကြောင်း၊ ပြည်ပမှ အစာကုန်ကြမ်းများတင်သွင်းနေမှုကို လျှော့ချနိုင်ရန်နှင့် ပြည်တွင်း၌ ထွက်ရှိသည့် မွေးမြူရေးအစာ ကုန်ကြမ်းများဖြင့် အာဟာရဓာတ်များ ညီညွတ်မျှတစွာပါဝင်ပြီး အရည်အသွေးပြည့်မီသော တိရစ္ဆာန်အစာများကို ထုတ်လုပ်နိုင်ရန် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနက ယနေ့ ပြုလုပ်ကျင်းပသည့် သရုပ်ပြ ပွဲတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူသော တောင်သူများအား တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်းကို လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးနွေးပေးမည်ဖြစ်ကြောင်း၊ မွေးမြူရေးတောင်သူများအနေဖြင့် သိရှိလိုသည်များမေးမြန်းသွားကြပြီး မိမိတို့ မွေးမြူထားကြသည့် တိရစ္ဆာန်များ၏ အသားနှင့်နို့ထုတ်လုပ်မှုတိုးတက်စေရန် အာဟာရပြည့် တိရစ္ဆာန်အစာများ ကျွေးမွေးနိုင်မည့် နည်းလမ်းများကို လက်တွေ့အသုံးပြု ဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တာဝန်ရှိသူများက တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် ကျွေးမွေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး လက်တွေ့သရုပ်ပြသကြရာ မွေးမြူရေးတောင်သူများက သိရှိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မွေးမြူရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေးတောင်သူများ၏ နို့စားနွားမျိုးဖြန့်ဖြူးရေးခြံ အတွင်း လှည့်လည်ကြည့်ရှုကြသည်။

မိုးရေကောင်းစွာရရှိသည့် မိုးရာသီကာလများတွင် တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝသော မြက်၊ ပြောင်း စသည့်အစာစိမ်းများ ရရှိသောကြောင့် တိရစ္ဆာန်များ၏ ကြီးထွားနှုန်းကောင်းမွန်သဖြင့် ထုတ်လုပ်မှုမြင့်မားသော်လည်း ခြောက်သွေ့ကာလများနှင့် ရေရှားပါးသည့် ဒေသများတွင် တိရစ္ဆာန်အစာပင်များ ဖြစ်ထွန်းမှုမရှိခြင်း၊ တိရစ္ဆာန်အစာပင်များ ကောင်းစွာရှင်သန်ဖြစ်ထွန်းရန် ခက်ခဲခြင်း၊ တိရစ္ဆာန်အစာပင်များထုတ်လုပ်ရန် စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သော တိရစ္ဆာန်အစာပမာဏကို အလုံအလောက်ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိရာ စပါးစိုက်ပျိုးသည့် ဒေသတိုင်းတွင် အလွယ်တကူရရှိနိုင်သော ကောက်ရိုးများကို ပြုပြင်ကျွေးမွေးနိုင်ရေးနှင့် ပြောင်းသီးနှံဘေးထွက် ပစ္စည်းဖြစ်သည့် ပြောင်းရိုးများ၊ တိရစ္ဆာန်အစာပင်များကို တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်အသုံးပြုနည်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဖြန့်ဝေပေးလျက်ရှိကြောင်း၊ တိရစ္ဆာန်အစာချဉ်ဖတ်ကို စနစ်တကျ ပြုလုပ်သိုလှောင်ထားမည်ဆိုပါက ရာသီဥတုအပေါ် မူတည်၍ နှစ်နှစ်မှ ၁၀ နှစ်ခန့်အထိ သိုလှောင်ကျွေးမွေးနိုင်မည်ဖြစ်၍ မွေးမြူရေးလုပ်ငန်းများတွင် ကြုံတွေ့ရလျက်ရှိသည့် အာဟာရပြည့်ဝသော အစာစိုရှားပါးမှုကြောင့် အသားနှင့်နို့ထုတ်လုပ်မှုလျော့ကျခြင်း၊ မျိုးပွားမှုထိခိုက်ခြင်းတို့ကို ကျော်လွှားနိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။