Skip to main content
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပါကစ္စတန်သံအမတ်ကြီးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates - UAE) နိုင်ငံ သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Imran Haider နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (United Arab Emirates -UAE) နိုင်ငံ သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abduljaleel Muhamed Al Faheem တို့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

ဆွေးနွေး

ပြည်ထောင်စုဝန်ကြီးသည် ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှုနှင့် နို့စားကျွဲမွေးမြူရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ စပါးသုတေသန ဖွံ့ဖြိုးရေးနှင့် မျိုးသစ်ထုတ်လုပ်သုံးစွဲနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates -UAE) နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် UAE နိုင်ငံအကြား စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ လယ်ယာကဏ္ဍဆိုင်ရာနှင့် ရေထွက်ပစ္စည်းကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။