Skip to main content
x

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တောင်သူများပူးပေါင်းပါဝင်ရွေးချယ်သော စပါးမျိုးသားဆက်လိုင်းများ ရွေးချယ်ခြင်းဆောင်ရွက်မှုနှင့် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့များရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၅

တောင်သူများ ပူးပေါင်းပါဝင်ရွေးချယ်သော စပါးမျိုးသားဆက်လိုင်းများရွေးချယ်ခြင်း ဆောင်ရွက်မှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင် ရပ်ကွက်တောင်သူ ဦးတင်အောင်ထွန်း၏ လယ်မြေ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေးသုတေသနပညာရှင်များ တက်ရောက်၍ စပါးမျိုး သားဆက်လိုင်းရွေးချယ်ခြင်းဆိုင်ရာ နည်းပညာအဆင့်ဆင့်ကို ရှင်းလင်းပြသကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက တောင်သူကြီးများအတွက် လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်များရရှိရေးနှင့် ကိုယ်တိုင်စနစ်တကျရှာဖွေလေ့လာနိုင်စေရေးအတွက် ယူကျု့အပါအဝင် ဒစ်ဂျစ်တယ် မီဒီယာအသုံးပြုနည်းများကို စိုက်ပျိုးပညာပေး ဝန်ထမ်းများက မျှဝေပေးသွားရန်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း အချို့တောင်သူကြီးများ ကျွမ်းကျင်စွာသုံးစွဲနေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါမီဒီယာများမှတစ်ဆင့် တောင်သူများအချင်းချင်း သတင်းအချက်အလက်များ ပြန်လည်မျှဝေရန်အတွက်လည်း အားလုံးပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် စီပင်စိုက်ပျိုးရေး သုတေသနခြံ၌ လယ်ယာကဏ္ဍဆိုင်ရာဒေသဝန်ထမ်းများနှင့် တွေ့ဆုံပြီး သီးနှံတစ်ခုစိုက်ပြီး နောက်သီးနှံတစ်ခု စိုက်ရန်စောင့်ဆိုင်းကာလ မြေလပ်ချိန်တွင် ရရှိလာသည့်မိုးရေကို အကျိုးရှိစွာအသုံးချသည့်အနေဖြင့် သစ်စိမ်းစိုက်ပျိုးစေလိုကြောင်း၊ ရာသီဥတုနှင့်လိုက်လျောညီထွေရှိသည့် ပေါင်ကြီးတင်စနစ်ကဲ့သို့ စိုက်နည်းစနစ်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးလာစေရေး အထူးအလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ် ဘုရားကြီးအုပ်စု ချင်းယားကုန်းကျေးရွာ၌ ပြုလုပ်သော ဆင်းရွှေကြာ - ၂ မျိုးထိန်းခြင်းနှင့် မျိုးမြှင့်တင်ရေးစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာနည်းစနစ်များကို ရှင်းလင်းဆွေးနွေးပြောကြားကာ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။