Skip to main content
x

(၃၆) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို “အစေ့ထုတ်ပြောင်းသီးနှံ တန်ဖိုးကွင်းဆက်မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပ

နေပြည်တော် ဩဂုတ် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လစဉ်ဗုဒ္ဓဟူးနေ့များ၌ ကျင်းပလျက်ရှိသည့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် (၃၆) ကြိမ်မြောက်ကျင်းပရာ သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ၊ အစေ့ထုတ်ပြောင်းသီးနှံကျွမ်းကျင်သူများက “အစေ့ထုတ်ပြောင်းသီးနှံ တန်ဖိုးကွင်းဆက်မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြည်ပသို့တင်ပို့ရောင်းချရန်နှင့် ပြည်တွင်းမွေးမြူရေးအစာ ထုတ်လုပ်ရန်အတွက် အဓိကစိုက်ပျိုးထုတ်လုပ်ကြသည့် အစေ့ထုတ်ပြောင်းသီးနှံကို စုစုပေါင်း ဧက ၁ ဒသမ ၇ သန်းခန့် စိုက်ပျိုးလျက်ရှိကြောင်း၊ နှစ်စဉ် တန်ချိန် သုံးသန်းခန့် ထုတ်လုပ်လျက်ရှိကာ စပါးပြီးလျှင် ဒုတိယအရေးပါသော သီးနှံတစ်မျိုးဖြစ် ကြောင်း၊ အစေ့ထုတ်ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေးနှင့် အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းစဉ်ကွင်းဆက်တစ်‌လျှောက် ပါဝင်ပတ်သက်သူအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သဖြင့် ယခုဆွေးနွေးပွဲတွင် ကဏ္ဍစုံရှုထောင့်စုံမှ ဆွေးနွေးသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ၏ လက်ရှိအစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် ထုတ်လုပ်မှုတိုးမြှင့်ရေး၊ အစေ့ထုတ်ပြောင်း တန်ဖိုးကွင်းဆက်တစ်ခုအဖြစ်ပါဝင်သည့် မွေးမြူရေး အစာကဏ္ဍ၊ ဈေးကွက်လိုအပ်ချက်နှင့် ထုတ်လုပ်မှု၊ တန်ဖိုးမြင့်ကုန်စည်အနေဖြင့် ထုတ်လုပ်မှုအခြေအနေ၊ အားနည်းချက် အားသာချက်များကို လေ့လာသုံးသပ်ခြင်း၊ အစေ့ထုတ်ပြောင်း တန်ဖိုးကွင်းဆက်ဆိုင်ရာ သုတေသနဆောင်ရွက်မှု၊ မွေးမြူရေးတိရစ္ဆာန်အစာနှင့် ဆက်စပ်သုတေသနများ၊ လုပ်ငန်းရှင်များ၏ အစေ့ထုတ်ပြောင်းဆိုင်ရာကြုံတွေ့ရမှု အချက်အလက်များအပေါ် ဆွေးနွေးခဲ့ကြသည်။

စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဦးဗိုလ်ဗိုလ်ကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း အမှုထမ်း ၁၅၀ ကျော် တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ အစေ့ထုတ်ပြောင်းနှင့်ပတ်သက်၍ စိတ်ဝင်စားသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။