Skip to main content
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရန်ကုန်တိုင်းဒေသကြီး ငမိုးရိပ်ရေထိန်းတံခါးနှင့် ပဲခူးတိုင်းဒေသကြီး ရေကြီးနစ်မြုပ်မှုကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် သြဂုတ် ၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေထိန်းတံခါးကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး ရေတံခါး၏ ရေထွက်လမ်းကြောင်းတစ်လျှောက် တိုင်းတာစစ်ဆေးရန်၊ ရေတံခါးတွင် နုန်းမတင်စေရန်အတွက် ရေတံခါးဖွင့်-ပိတ်ဇယား ရေးဆွဲဆောင်ရွက်ရန် လိုအပ်ချက်များ၊ မိမိတို့ဌာနမှ ထိန်းသိမ်းထားသည့် ဒဂုံမြို့သစ် မြို့နယ်များရှိ ရေတံခါးများ ရေထွက်ပေါက်များ၏ ရေစီးရေလာကောင်းမွန်စေရေး စဉ်ဆက်မပြတ် ဂရုပြုဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး၏ ရေဘေးကာကွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် ပဲခူးတာ မိုင်တိုင် ၂/၀ ရှိ ရေလွှဲပေါက်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဇူလိုင် ၂၈ ရက်က ပဲခူးမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည့် မြစ်ရေကြီးမှုကြောင့် စိုက်ပျိုးမြေဧရိယာ ၁၀၀၀၀ ခန့် ခေတ္တရေလွှမ်းမိုးမှု ကြုံတွေ့ခဲ့ရပြီး ယခုအခါ ရေများတဖြည်းဖြည်းကျဆင်းလာပြီဖြစ်ကြောင်း၊ ပဲခူး - စစ်တောင်း တူးမြောင်းမှတစ်ဆင့် ရေကြီးကွင်း ရေနက်ကွင်းများသို့ ခေတ္တရေနေ ရေထိုင်ပြုပြီးနောက် ကဝမြို့နယ်တွင် တည်ဆောက်ထားရှိသော ပိုင်ကျုံရေတံခါးနှင့် ရွှေလှေရေတံခါးတို့မှတစ်ဆင့် ပဲခူးမြစ်ရေကျဆင်းချိန်တွင် ပဲခူးမြစ်အတွင်းသို့ ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပဲခူးမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ပန်းလှိုင်- ပုဏ္ဏားစု- မုန်တိုင်းတာ၊ ကျောက်ကြီးစု- ညောင်ဝိုင်းတာများ၏ တာထိပ်နိမ့်ကျနေသည့် အပိုင်းများမှ မြို့တွင်းဧရိယာအတွင်းသို့ ရေကျော်ဝင်ရောက်မှုမရှိစေရေးအတွက် ၁ ပေမှ ၃ ဒသမ ၅ ပေ အမြင့်ရှိသည့် သဲအိတ်နှင့် poly fiber sheet ကာရံထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ(ပဲခူး) အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးဧရိယာများ၏ ရေကြီးနစ်မြုပ်ခဲ့မှုအခြေအနေ၊ သီးနှံထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ရာသီချိန်မီဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သက်တမ်းတို စပါးများ စိုက်ပျိုးရန်အတွက် မျိုးစေ့ဖူလုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ရေကြီးမှုဖြစ်စဉ်နှင့်ပတ်သက်၍ စီမံဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။