Skip to main content
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဘဲမွေးမြူရေးခြံနှင့် ဒေသနွား မျိုးထိန်းမျိုးပွားခြံတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ရွှေမြို့တိုးချဲ့မွေးမြူရေးဇုန်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ဘဲဥသားဖောက်စက်၊ ဘဲမွေးမြူရေးခြံနှင့် ဒေသနွား မျိုးထိန်းမျိုးပွားခြံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဘဲမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာရေးနှင့် ဒေသနွားများ တိုးပွားထိန်းသိမ်းရေးဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက တပ်ကုန်း-ရွှေမြို့ တိုးချဲ့မွေးမြူရေးဇုန်တွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဇီဝလုံခြုံမှု အဆင့်-၃၊ ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း တည်ဆောက်ရေးစီမံကိန်း အချက်အလက်များနှင့် လုပ်ငန်းစဉ်များ၊ ဘဲဥသားဖောက်စက်၏ လုပ်ငန်းစဉ်များနှင့် ဘဲသားပေါက်ထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဥစားဘဲ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် ဥဖောက်စင်များ စနစ်တကျအဆင့်မြှင့်တင်ရွှေ့ပြောင်းကာ ဘဲသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးနေမှုများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ဆောင်ရွက်ခဲ့သော်လည်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသေးကြောင်း၊ သတင်းစာများ၊ ဝက်ဘ်ဆိုက်များတွင်လည်း မကြာခဏအသိပေးကြော်ငြာပေးနေသည့်တိုင် လုပ်ငန်းရှင်များ၊ အစုအဖွဲ့အစည်းများအနေဖြင့် စိတ်ဝင်စားမှုနည်းနေကြောင်း၊ သို့ဖြစ်၍ မြို့နယ်အလိုက်ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများကိုလည်း တစ်နိုင်တစ်ပိုင် မွေးမြူရေးကို စည်းရုံးသွားကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ဘဲဥသားဖောက်စက် အလုပ်ရုံ၊ ဘဲမွေးမြူရေးခြံနှင့် ဒေသနွားမျိုးထိန်းမျိုးပွားခြံ၊ ရွှေမြို့တိုးချဲ့မွေးမြူရေးဇုန်၌ ဆောင်ရွက်ပြီးစီးသည့် လျှိုပိတ်ဆည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဌာနမွေးမြူ ရေးခြံများအနေဖြင့် ရေနှင့်အစာတိုက်ကျွေးမှုစနစ် မှန်ကန်စေရေး၊ အစာခွက်များ ပုံမှန်သန့်ရှင်းရေး အပါအဝင် ဇီဝလုံခြုံမှုဆိုင်ရာ စံနမူနာကောင်းပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရန်ကုန်ရွာသာကြီးခြံရှိ ဘဲဥသားဖောက်စက် နှစ်လုံး၊ ပဲခူးဘုရားကြီးခြံရှိ ဘဲဥသားဖောက်စက်လေးလုံး၊ နေပြည်တော်ရွှေမြို့ခြံရှိ ဘဲဥသားဖောက်စက် ငါးလုံးတို့မှ သားပေါက်များထုတ်လုပ်၍ ဘဲမွေးလုပ်ငန်းရှင်များ၊ ဘဲမွေးတောင်သူများကို ဖြန့်ဖြူးပေးလျက်ရှိရာ ရွှေမြို့တိုးချဲ့မွေးမြူရေးဇုန်ရှိ ဘဲဥသားဖောက်စက်မှ နှစ်စဉ် ဘဲသားပေါက်ကောင်ရေ ၃၆၂၀၀၀ ကျော် ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ဘဲမွေးမြူလိုသူများအနေဖြင့် အမှာစာများ ပေးပို့မှာကြားနိုင်ကြောင်း သိရသည်။