Skip to main content
x

ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့၌ ဆီထွက်သီးနှံ နေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေးဆွေးနွေး

ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ ဆီထွက်သီးနှံနေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှင်းလင်းပြောကြား

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ဒေသအလိုက် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေးအတွက် ဒေသအလိုက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ပြည်တွင်းအထည်အလိပ်စက်ရုံများအတွက် လိုအပ်သည့် အရည်အသွေးမြင့် ဝါဂွမ်းထုတ်လုပ်ပေးနိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဒေသအလိုက် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် အထူးဇုန်ဧရိယာများ သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် တောင်သူများအား မျိုး၊ မြေ၊ ရေ၊ နည်းပညာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရေးအစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ချေးငွေများ ထောက်ပံ့ပေးအပ်

ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် ချေးငွေများ ထောက်ပံ့ပေးအပ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး၌ နေကြာသီးနှံ ဧကသုံးသန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၌ ဧက ၃၇၅၀၀၀ ကျော်၊ မကွေးတိုင်းဒေသကြီး၌ ဧက ၂၄၂၀၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီး၌ ဧက ၁၈၁၀၀၀ ကျော်နှင့် ကချင်ပြည်နယ်၌ ဧက ၁၉၀၀၀ ကျော်စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ရန် အလားအလာကောင်းသည့်ဒေသများကို ရွေးချယ်၍ ဆီထွက်သီးနှံ နေကြာအထူးဇုန်များ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကာ လိုအပ်ချက်အပေါ်မူတည်၍ မြေဆီလွှာအခြေအနေ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်း၊ ထည့်သွင်းအသုံးပြုသင့်သည့် ဓာတ်မြေဩဇာအမျိုးအစား၊ အချိုးအဆထောက်ခံချက်ထုတ်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေး စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် နေကြာသီးနှံအစေ့ အဆန်ပြည့်ဖြစ်ထွန်းစေရန် ဝတ်မှုန်ကူး အင်းဆက်ပျားမွေးမြူရေးလုပ်ငန်းကို တောင်သူများ တွဲဖက်လုပ်ကိုင်နိုင်ကြစေရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။